‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂ရက်

‎​ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းရန်အတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောအုပ်စုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ပြည်သူများ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်း နေထိုင်ကြရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အရေးပေါ် အထူးပန်ကြားချက် ထုတ်ပြန်ထားသည်။

‎​လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်၏ တိုက်ခိုက်ရေးစစ်သင်္ဘော နှစ်စင်း အပါအဝင် စုစုပေါင်း သင်္ဘောအစင်းရေ ၂၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဆန်တက်နေခြင်းဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်တွင် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်နေသည့်အပြင် စစ်သင်္ဘောများပေါ်မှလည်း မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ကန့်ဘလူမြို့နယ် ပအဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎​​ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ စစ်သင်္ဘောစုတွင် တင်ဆောင်မည့် လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် စစ်ကူအင်အားများကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကတည်းက မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှတစ်ဆင့် စစ်သုံးမော်တော်ယာဉ်များဖြင့် သယ်ထုတ်ကာ ဂေါဝိန်ဆိပ်ကမ်းသို့ ကြိုတင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

‎​ယင်းနောက် ရှေ့ပြေးစစ်သင်္ဘော နှစ်စင်းသည် ဇွန်လ ၂၇ ရက်နေ့တွင် မတ္တရာမြို့နယ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ပစ်ကူများရယူကာ လမ်းကြောင်းရှင်းလင်း၍ မြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ခြင်း ဖြစ်သည်။

‎​ဒေသတွင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ဆန်တက်လာသော ကမ်းထိုးရေယာဉ် တစ်စင်း နှင့် တိုက်ခိုက်ရေးစစ်သင်္ဘော တစ်စင်း သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားရွာ၏ အရှေ့မြောက်ဘက် မြစ်ကြောင်းထဲတွင် ကျောက်ချရပ်နားထားကြောင်း သိရသည်။

အဆိုပါယာဉ်များသည် နောက်ထပ် ရောက်ရှိလာမည့် စစ်သင်္ဘောအုပ်စုကို စောင့်ဆိုင်းရန်အတွက် ရှိမ်းမကား၌ ပူးကပ်ရပ်နားနေခြင်းဖြစ်ကြောင်း နယ်မြေခံများ၏ ပြောပြချက်အရ သိရှိရသည်။

‎ရွေးတုအစိုးရစစ်တပ်၏ မြစ်ကြောင်းအသုံးပြု စစ်ဆင်ရေးနှင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဧရာဝတီမြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံး ယာယီရွှေ့ပြောင်း တိမ်းရှောင်နေထိုင်ကြရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက် (ပုံဟောင်း)