နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းပုံရိပ်ကို မှေးမှန်ပျောက်ကွယ်အောင် အာဏာ သိမ်းစစ်ခေါင်းဆောင်က ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းပြီးနောက် နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ် ကြေးရုပ်ထုများကို လိုက်လံဖြိုချမှု ပိုမိုများပြားလာပြီး ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ထု နှစ် ခုကို ရွေးတုအစိုးရစစ်တပ်နှင့် စည်ပင်သာယာအဖွဲ့တို့က ဘက်ဟိုး၊ မြေကော်ကားများဖြင့် လာရောက်ဖြိုချဖျက်ဆီးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ၂ ခုအနက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်စိုက်ထူထားသည့် ကြေးရုပ်ထုနှင့် သာကေတမြို့နယ် (၅) ရပ်ကွက် မြကန်သာပန်းခြံအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်ထုတို့ကို ညတွင်းချင်း ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါနေရာများကို အစိမ်းဖျင်စများ ကာရံကာ လုံခြုံရေးများ တိုးမြှင့်ချထားသည်။

“ပန်းခြံရဲ့ဝင်ပေါက် သုမင်္ဂလာလမ်းကနေ ကြည့်မယ်ဆိုရင် ဘယ်ဘက်အရုပ်ကရှိတယ်၊ ညာဘက်အရုပ်က ဖြိုထားတာကို လူမသိစေချင်လို့ အစိတ်းဖတ်ကြီးတွေ ကာထားတာ တွေ့ရတယ်။ ညတွင်းချင်း ဖြိုထားတော့ လက်စမသပ်ရသေးလို့ ကာထားပုံရတယ်” ဟု မျက်မြင်တွေ့ရှိသူ တောင်ဥက္ကလာပမြို့နေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု နှစ်ခုအနက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်စိုက်ထူထားသည့် ကြေးရုပ်ထုကို ဖြိုချဖျက်ဆီးသွားပြီး ယခင် NLD ပါတီ မြို့နယ်အမတ်များနှင့် သက်ဆိုင်ရာတို့၏ ကြေးရုပ်ထုမှာမူ နဂိုအတိုင်း ရှိနေသေးကြောင်း သိရသည်။

“မဟုတ်တာ လုပ်ထားတဲ့သူတွေက မှန်တာလုပ်ရဲ၊ ပြောရဲတဲ့သူရဲ့ စကားသံမပြောနဲ့ အရုပ်တောင် မကြည့်ဝံ့လို့ အခုလိုတွေ လုပ်တယ်လို့ပဲ ထင်ပါတယ်။ နောက်တစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းပုံရိပ်ကို ဖြည်းဖြည်းချင်း မှေးမှန်ပျောက်ကွယ်အောင် လုပ်နေတာလို့ ယူဆတယ်” ဟု အဆိုပါ ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။

ထို့အပြင် သာကေတမြို့နယ်၊ (၅) ရပ်ကွက်ရှိ မြကန်သာပန်းခြံအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ထုကိုလည်း ယမန်နေ့ ညပိုင်း၌ပင် ရွေးတုအစိုးရ တပ်များနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့မှ ဘက်ဟိုးများဖြင့် လာရောက်ဖြိုချ ဖျက်ဆီးသွားပြီး ပန်းခြံရှေ့‌တွင် လုံခြုံရေးများ ချထားကြောင်း ဒေသခံများထံက သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ဇွန် ၂၈ ရက်၊ ညပိုင်း၌ ဖြိုချဖျက်ဆီးသွားပြီး ဇွန် ၁၂ ရက်၊ ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ် (၅၄) ခြံရှေ့၌ ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကိုပါ ဖြုတ်ချ သွားကြောင်း သိရသည်။

ယင်းမတိုင်မီ ရွေးတုသမ္မတနှင့် ၎င်း၏လူယုံတော် တပ်ချုပ်သစ်တို့ သွားရောက်ခဲ့သော ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်လမ်းတွင် စိုက်ထူထားသည့် အမြင့် (၁၅) ပေ၊ ကြေးပိဿာချိန် (၄၅၃) ပိဿာရှိ ဗိုလ်ချုပ်ကြေးရုပ်တုကိုလည်း ဇွန် ၉ ရက်၊ ညပိုင်း၌ ရွေးတုအစိုးရတပ်၊ စည်ပင်သာယာအဖွဲ့တို့က ဖြိုဖျက်ဖယ်ရှားလိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်များကို အာဏာသိမ်းပြီးနောက် ပုံဖော်လာသော စစ်အုပ်စုသည် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့၊ မန္တလေးတိုင်း သာစည်မြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် ပဲခူးတိုင်း ပဲခူးမြို့ တွင်လည်း ဖြိုချဖျက်ဆီးထားသောကြောင့် လက်ရှိတွင် ရှစ် ခုထက်မနည်း ရှိလာပြီဖြစ်သလို တုံ့ပြန် ဖြေရှင်းမှုမျိုးလည်း မရှိသေးကြောင်း သိရသည်။

စစ်အုပ်စု၏ မတရားသဖြင့် အာဏာသိမ်းမှုကို လက်မခံဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် လုပ်သက်ရင့် စစ်အရာရှိများနှင့် တပ်တွင်းအသိုင်းအဝိုင်းကမူ ရွေးတုအစိုးရ စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေးအရ ဝါဒဖြန့်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချလေ့ရှိသော်လည်း လက်တွေ့တွင် အငြိုးအတေးဖြင့် သမိုင်းပျောက်ဖျက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ပြောကြားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်