ဧရယဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး သေဆုံးကာ အောင်လံခရိုင် ယာယီဒုရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က အောင်လံမြို့မရဲစခန်း၏ မြောက်ဘက် ခြောက်မိုင်ခန့်အကွာ၊ ပြည်-မကွေးကားလမ်းပေါ်ရှိ ဘုရားတောင်ဗွေကျေးရွာအနီးတွင် မောင်းနှင်လာသော ရဲကားတန်းကို တော်လှန်ရေးတပ်များက လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်တန်းအတွင်းပါဝင်သည့် အောင်လံခရိုင်ရဲမှူး၏ ယာဉ်မောင်းဖြစ်သူ ရဲတပ်ကြပ် ကျော်လွင်မှာ ဦးခေါင်းကျည်ထိမှန်ကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
ထို့ပြင် အောင်လံခရိုင် ယာယီဒုရဲမှူးကြီး ဝင်းလှိုင်နှင့် ရဲအုပ် အောင်သန်းဇော် (ညာဘက်တင်ပါး ကျည်ထိမှန်) တို့ ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းတို့အား အောင်လံမြို့ နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ယင်းပစ်ခတ်မှုအတွင်း ရဲကားတန်းနှင့်အတူ ကြားညပ်သွားခဲ့သည့် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး အသက် ၅၁ နှစ်အရွယ် ဦးကျော်ဇေယျမှာလည်း ညာဘက်နားထင်နှင့် ခြေ ထောက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ ၎င်း၏ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အရပ်သားများဖြစ်သော ဦးမြင့်နိုင်နှင့် ဇနီးဖြစ်သူ ဒေါ်သက်သက်မာတို့လည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
အလားတူ အောင်လံမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့ နံနက် ငါး နာရီခန့်ကလည်း ရွှေပန်းတောကျေးရွာရှိ ရွေးတုအစိုးရစစ်တပ်၏ နတ်မောက်ဂိတ်စခန်းကို သရက်ခရိုင်အမှတ် (၂) တပ်ရင်းအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၄၀၄ စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ပုံစာ – ဇွန် ၁၇ မကွေး၊ တောင်တွင်းကြီး၊ ဆတ်သွားကျေးရွာအနီး အရာရှိများလိုက်ပါလာသည့်ယာဉ်တိုက်ခိုက်မှု (ပုံဟောင်း)