ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် ၎င်းတို့နှင့် ထိတွေ့ ဆက်ဆံမှုရှိသော အိမ်နီးချင်း လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ မနက်ဖြန် ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ယင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။
ယခုခရီးစဉ်သည် စစ်ခေါင်းဆောင်အနေဖြင့် ရွေးတုသမ္မတအဖြစ် သတ်မှတ်ခံရပြီးနောက် ပြည်ပ နိုင်ငံများသို့ တတိယမြောက် သွားရောက်ရခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း လာအိုသမ္မတအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ဖော်ပြထားသည်။
လာအိုနိုင်ငံသည် မြန်မာ့ပဋိပက္ခများနှင့် ပတ်သက်၍ ၎င်းတို့၏ နယ်စပ်လုံခြုံရေးနှင့် စီးပွားရေးအပေါ် ရိုက်ခတ်လာမည်ကို စိုးရိမ်သဖြင့် နယ်စပ်တည်ငြိမ်ရေးအပါအဝင် အကျိုးစီးပွားများအတွက် ရွေးတုအစိုးရအား ထိတွေ့ဆက်ဆံနေရာမှ ယခုကဲ့သို့ လာရောက်ရန် ဖိတ်ကြားခြင်းဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။
အလားတူ စစ်ခေါင်းဆောင်သည်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ရွေးတုသမ္မတ ရာထူးကို ဖန်တီးရယူပြီးနောက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိရန်နှင့် အာဏာ သိမ်းမှုကြောင့် အရေးယူဒဏ်ခတ် ဖယ်ကြဉ်ထားသော အာဆီယံအဖွဲ့အတွင်းသို့ ပြန်လည်ဝင်ဆံ့ နိုင်ရန်အတွက် ယခုကဲ့သို့ အိမ်နီးချင်း ထောက်ခံနိုင်ငံအချို့ထံမှ အကူအညီတောင်းခံရန် ကြိုးပမ်းနေ ခြင်းလည်း ဖြစ်သည်။
ယင်းမတိုင်မီ ပြီးခဲ့သော ဇွန်လအတွင်းကလည်း လာအိုနိုင်ငံ၏ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ၊ ဒုတိယဝန်ကြီးချုပ်တို့ ပါဝင်သည့် အဖွဲ့ကို နေပြည်တော်သို့ ဖိတ်ကြားတွေ့ဆုံခဲ့သလို ၎င်းတို့၏ အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများကို ထောက်ခံကူညီပေးလျက်ရှိသည့် အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့လည်း ရွေးတုသမ္မတကိုယ်တိုင် သွားရောက်ထားသည်။
ထို့ပြင် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံအချို့ကို နေပြည်တော်သို့ ဖိတ်ကြား၍ ၎င်းတို့အစိုးရကို အသိအမှတ်ပြု လက်ခံပေးရန်နှင့် ဖယ်ကြဉ်ခံထားရသည့် နိုင်ငံတကာစာမျက်နှာတွင် ပြန်လည်ပူးပေါင်း ထောက်ခံပေးရန်အတွက် အကျိုးစီးပွား အပေးအယူများဖြင့် ဆွေးနွေးလျက် ရှိကြောင်း တပ်တွင်းအသိုင်းအဝိုင်းထံမှ သိရသည်
လက်ရှိ ရွေးတုသမ္မတ သွားရောက်မည့် လာအိုနိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီး သွားလုပ်ငန်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး အဓိကအားဖြင့် မဲခေါင်ဒေသခွဲနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ဆွေးနွေးရန် ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – MOI