ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
ရန်ကုန်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရသည့် အခြေအနေကို အသုံးချကာ ချစ်သူနှင့် အချိန်ကြာကြာ အတူနေနိုင်ရန် မိဘထံ ကျပ်သိန်း ၁၀၀ ခြိမ်းခြောက်ငွေတောင်းကာ ပြန်ပေးဆွဲခံရသယောင် လိမ်လည် ခဲ့သည့် လူရွယ်တစ်ဦးနှင့် ဆရာဝန် ဖြစ်သူ ၎င်း၏ရည်းစားတို့ကို ဖမ်းဆီးရမိကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုက အဓမ္မကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေကြောင့် လူငယ် လူရွယ်များ လမ်းပေါ်၌ ဖမ်းဆီးခံရခြင်းနှင့် မိဘများက ကျပ်သိန်းရာချီပေးကာ ပြန်လည်ရွေးထုတ် နေရသည့် ဖြစ်စဉ်များရှိနေပြီး ယခုဖြစ်ရပ်သည် လူထုအကြောက်တရားနှင့် လူမှုစီးပွားအကျပ် အတည်းကို ခုတုံးလုပ်ကာ မိသားစုအချင်းချင်း ပြန်လည်ငွေညှစ်သည့် ဖြစ်ရပ် ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် မောင်ငြိမ်းချမ်းဦးသည် ပြီးခဲ့သည့် ဇွန် ၂၅ ရက်က အလုပ်သွားရာမှ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် မိခင်ဖြစ်သူက လူမှု ကွန်ရက်ပေါ်တွင် လူပျောက်ကြော်ငြာ တင်ခဲ့သည်။
ထို့နောက် ဇွန် ၂၇ ရက်တွင် အမျိုးသားတစ်ဦးက မိခင်ဖြစ်သူထံ ဖုန်းဆက်သွယ်ကာ ငြိမ်းချမ်းဦးကို ပြန်ပေးဆွဲထားခြင်းဖြစ်ပြီး လူပျောက်ကြော်ငြာများ ပြန်ဖျက်ပေး၍ ကျပ်သိန်း ၁၀၀ ဖြင့် ပြန်ရွေးရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အလားတူ ဇွန် ၃၀ ရက် နံနက်ပိုင်းတွင်မူ ငြိမ်းချမ်းဦးကိုယ်တိုင် အသံဖျက်၍ ပြန်ပေးဆွဲသူ အယောင် ဆောင်ကာ မိခင်ဖြစ်သူထံ ထပ်မံဖုန်း ဆက်ခဲ့ပြီး ငွေမလွှဲပါက သားဖြစ်သူမှာ ရွေးတုအစိုးရစစ်တပ်၏ စစ်မှုထမ်းစာရင်းထဲ ပါသွားမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ ကို ၎င်း၏ KBZ Pay အကောင့်ထဲသို့ လွှဲပေးရန် ပြောကြားခဲ့သည်။
မိသားစု၏ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးခဲ့ရာ ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်တွင် တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငြိမ်းချမ်းဦးနှင့် ရည်းစားဖြစ်သူ ဒေါက်တာခိုင်ဆုရည်တို့ကို အတူတကွ ဖမ်းဆီး ရမိခဲ့သည်။
ရည်းစားဖြစ်သူနှင့် အချိန်ကြာကြာ တွေ့ဆုံနိုင်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ ယခုကဲ့သို့ ပြန်ပေးဆွဲခံရဟန် လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသဖြင့် ၎င်းတို့နှစ်ဦးကို ရွေးတုအစိုးရ၏ တရားဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။