ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
ဂျပန်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံနဲ့အတူ အစဉ်တစိုက် ရပ်တည်သွားမယ်ဆိုတဲ့ သဘောထားရပ် တည်ချက်ဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာမဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတေဂီတိုရှီမိဆု က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားလိုက်ပါတယ်။
တိုကျိုမြို့ကို ရောက်ရှိနေတဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆီဘီဟာနဲ့ တွေ့ဆုံချိန်မှာ မိုတေဂီက ယူကရိန်းနိုင်ငံမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့အတွက် ဂျပန်အနေ နဲ့ ယူကရိန်းကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်သလို ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ကိုလည်း ဆက်လက်ထားရှိမယ်လို့ ပြောပါတယ်။
ဝန်ကြီးနှစ်ဦးဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက တိုကျိုမြို့မှာရှိတဲ့ အီအီကူရဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ကြ ပြီး ဆွေးနွေးပွဲနဲ့ အလုပ်သဘောညစာစားပွဲကို အတူတူ ဆင်နွှဲခဲ့ဖိပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုနဲ့ ပတ်သက်ပြီး မိုတေဂီက အင်အားသုံးပြီး လက်ရှိအခြေအ နေကို တစ်ဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းမှုမျိုးကို ဂျပန်နိုင်ငံအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် အစိုး ရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ ပူးပေါင်းပြီး ကူညီပံ့ပိုးပေးမယ့် အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ ကိဗ်-ပီချာစ်ခ် လာဗ်ရာ ဘုရားကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ယူနက်စကိုမှ တစ်ဆင့် ကူညီပံ့ပိုးပေးသွားမယ်လို့ ၎င်းက ပြောပါတယ်။
ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မိုတေဂီက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့အတွက် ဂျပန် နိုင်ငံဟာ ယူကရိန်းနဲ့ နီးနီးကပ်ကပ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။
ဆီဘီဟာကလည်း ဂျပန်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုတွေအပေါ် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောဆို ခဲ့ပြီး ယူကရိန်းရဲ့ ပြန်လည်ထူထောင်ရေး ကာလတစ်လျှောက်လုံးမှာ ဂျပန်နိုင်ငံက ဆက်လက်လက်တွဲ လျှောက်လှမ်းသွားမယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Japan pledges continued backing for Ukraine, sanctions on Russia