ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင် ၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာသောကြောင့် အသက်မပြည့်သေးသည့် မိန်းကလေးငယ် သုံး ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် မင်းတပ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ရှိမ်းကျေးရွာသို့ တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တစ်ရက်တည်း မင်းတပ်အရှေ့ဘက်ခြမ်း ဗုံးကြဲတာ ဗုံးသီး ၄၀ လောက်ရှိတယ်။ ကျေးရွာတွေနဲ့ အနီးအနားဝန်းကျင်မှာ ဗုံးသီးတွေကျပြီး အရပ်သားတွေ ဗုံးစတွေ ထိမှန်တာပါ”ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှိမ်းကျေးရွာမှ အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် သုံး ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည့်အပြင်၊ အခြားအရပ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယမန်နေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းတွင်လည်း တံတားဦးလေတပ်မှ လာသော Y-12 လေယာဉ်ဖြင့် မင်းတပ်မြို့အရှေ့ခြမ်းသို့ ဗုံးသီး ၂၄ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သည်။
မင်းတပ်မြို့နယ်သည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကလည်း တစ်နာရီအတွင်း ပေါင် ၅၀၀ ဗုံး အလုံး ၇၀ ကျော်ဖြင့် စံချိန်တင် တိုက်ခိုက်ခံခဲ့ရဖူးသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ကျောက်ထုမြို့ အမြောက်တပ်ရင်းသို့ ခဲယမ်းရိက္ခာနှင့် စစ်အင်အားများ ဖြည့်တင်းကာ မြေပြင်ထိုးစစ်ကိုပါ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ထိုကဲ့သို့ ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ပူးတွဲလုပ်ဆောင်လာမှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံပြည်သူ ထောင်နှင့်ချီကာ စစ်ဘေးလွတ်ရာ တောတောင်များအတွင်းသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပုံစာ-လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင်း သေဆုံးသွားသည့် ကလေးငယ်များ၊