ဧရာဝတီတိုင်းမ်
​ဇူလိုင် ၁ ရက်

 

​ရန်ကုန်တိုင်း စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ စရဖတပ်ဖွဲ့မှူး ဒုဗိုလ်မှူးကြီး ဇော်ထက်အောင်နှင့် စရဖတပ်စုမှူးတို့ဗိုလ်မှူး‌ဝေဖြိုးဟန်တို့သည် ကျားဖြန့်ဂိုဏ်းများထံမှ လစဉ်ဆက်ကြေး တောင်းယူချမ်းသာနေပြီး အမျိုးသမီးငယ်များအား လိမ်လည်၍ အဓမ္မပြုကျင့်မှုများ ခြိမ်းခြောက်ကျူးလွန်နေကြောင်း ရန်ကုန်မြို့ခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

 

​ဒုဗိုလ်မှူးကြီး ဇော်ထက်အောင်သည် စစ်တက္ကသိုလ် ၄၇ မှဖြစ်ပြီး တပ်စုမှူးဝေဖြိုးဟန်သည် အပတ်စဉ် ၅၁ မှဖြစ်ကာ တို့သည် ၎င်းတို့မှာ အရာရှိလူပျိုများဖြစ်ကြောင်း လိမ်လည်၍ အမျိုးသမီးငယ်များအား ကလပ်နှင့် KTV များသို့ ခေါ်ဆောင်ကာ စိတ်ကြွရူးသွပ်ဆေးဝါးများ တိုက်ကျွေး၍ တောင်ဥက္ကလာပမြို့နယ်ရှိ ကာစီနိုတည်ရှိရာ Golden Empire (အမည်ဟောင်း) ဟိုတယ်တွင် အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း နစ်နာသူများနှင့် နီးစပ်သူများက ပြောသည်။

 

“သူတို့က အိမ်ထောင်ရှိရက်သားနဲ့ လူပျိုဆိုပြီး လိမ်တာ။ မိန်းမကောင်းလေးတွေကို ခေါ်ပြီး အအေးထဲထည့် ဆေးတိုက်တယ်၊ ပြီးရင် တောင်ဥက္ကလာက သူတို့စားကျက်ဖြစ်တဲ့ ဟိုတယ်ကိုခေါ်သွားပြီး ဖျက်ဆီးတာ” ဟု နစ်နာသူနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

​ကျူးလွန်ခံရသည့် အမျိုးသမီးငယ်များတွင် ကိုယ်ဝန်ရရှိလာပါက အတင်းအကျပ် ဖျက်ချခိုင်းခြင်းများ ပြုလုပ်သည့်အပြင်၊ တိုင်တန်းမည်ဟု‌ပြောဆိုပါက စစ်ကြောရေးပို့ကာ အသံမထွက်နိုင်အောင် သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စရဖမှူးနှင့်တပြည့်တို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် နစ်နာသူ အမျိုးသမီးတစ်ဦးမှာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း နစ်နာသူအမျိုးသမီးက ပြောဆိုသည်။

 

​ယခုကဲ့သို့ ရန်ကုန်မြို့ပေါ်တွင် ရဲရဲတင်းတင်း ကျူးလွန်နေသည့် ဒုဗိုလ်မှူးကြီး ဇော်ထက်အောင်နှင့် ဝေဖြိုးဟန်တို့သည် ရွေးတုတပ်အရာရှိများ၏ အကာအကွယ်ဖြင့် ရန်ကုန်မြို့ပေါ်ရှိ Hi ခန်းများ၊ KTV များနှင့် ကလပ် (Club) များတွင် နေ့စဉ်သောက်စားမူးယစ်သောင်းကျန်းနေသည့်အပြင် တရားမဝင် အွန်လိုင်းလောင်းကစား (ကျားဖြန့်) ဂိုဏ်းများထံမှ လစဉ် ဆက်ကြေးငွေ တောင်းယူချမ်းသာ နေကြောင်း သိရသည်။

 

ဒုတိယဗိုလ်မှူးကြီး ဇော်ထက်အောင်၏ တပည့်ဖြစ်သူ ဗိုလ်ကြီး ဝေဖြိုးဟန်သည် လှိုင်၊ မရမ်းကုန်း၊ မြောက်ဒဂုံ စသည့် HI ခန်းများတွင်သာ အချိန်ကုန်လေ့ရှိပြီး၊ တခါတရံ တပ်မှူးဖြစ်သူ ဇော်ထက်အောင်နှင့်အတူ လာရောက်ကာ ကေတီဗွီများရှိ ဈေးအမြင့်ဆုံး HI ခန်းများတွင် အခမဲ့ နေထိုင်စားသောက်ရန် စီစဉ်စေခြင်း၊ ကေတီဗွီရှိ မိန်းကလေးများအနက် ၎င်းတို့ကြိုက်နှစ်သက်သူကို စိတ်ကြိုက်ရွေးချယ်ခြင်း၊ စိတ်တိုင်းမကျပါက မန်နေဂျာများကို ပြဿနာရှာခြင်း၊ တပ်မှူးပါလာသဖြင့် ပြဿနာမတက်စေချင်လျှင် လိုအပ်တာမှန်သမျှ အဆင်ပြေအောင် စီစဉ်ပေးဖို့ ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း စီဒီအမ်အရာရှိ စွယ်တော်က ဧရာဝတီသတင်းဌာနတွင် ဖော်ပြသည့် ဆောင်းပါးတွင် ရေးသားထားသည်။

 

ဒုတိယဗိုလ်မှူးကြီး ဇော်ထက်အောင်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အနီးကပ်ကိုယ်ရံတော် ဒုတိယဗိုလ်မှူးကြီး လှိုင်မင်းထွန်းနှင့် စစ်တက္ကသိုလ်ကတည်းက ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-စရဖ ဗိုလ်မှူး‌ဝေဖြိုးဟန် (ပုံ၁)/ ဒုဗိုလ်မှူးကြီး ဇော်ထက်အောင် (ပုံ၂)