ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

 

ဥရောပတိုက်တွင် လူများစွာသေဆုံးသည်အထိ ဖြစ်ပွါးနေသည့် ပြင်းထန်သည့်အပူလှိုင်းဖြတ်သန်းမှုမှာ ဥရောကတိုက်၏ အရှေ့ဘက်ခြမ်းသို့ ကူးစက်လာပြီးနောက် ချက်ရီပါ့ဘလစ်နှင့် ဆလိုဗားကီးယား နိုင်ငံတို့တွင်လည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအနေဖြင့် စံချိန်တင်အပူချိန်များ မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့ကတည်းစတင်သည့် မှတ်တမ်းများအရ အဆိုပါအပူလှိုင်းဒဏ်ကြောင့် ဥရောပတိုက်အတွင်း လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ လူဦးရေသန်း ၁၃၀ကျော်သည် ၃၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ရှိသည့် အပူဒဏ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။

“ဥရောပဟာ ကမ္ဘာပေါ်မှာ အပူချိန် အမြန်ဆုံးမြင့်တက်နေတဲ့ တိုက်ကြီးဖြစ်လာပြီး ကမ္ဘာ့ပျမ်းမျှ အနေထားထက် နှစ်ဆပိုမိုပူပြင်းလာနေပါတယ်။ အပူဒဏ်ကို တိတ်ဆိတ်တဲ့လူသတ်သမားလို့ အကြာခဏခေါ်ကြပြီး ဥရောပရဲ့ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ စာသင်ကျောင်းတွေဟာ ဒီလိုအပူချိန်မျိုးကို ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားတာ မဟုတ်ပါဘူး” ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောဆိုခဲ့သည်။

 

ဆလိုဗားကီးယားနိုင်ငံတွင်လည်း ပြီးခဲ့သည့် ဇွန် ၂၉ ရင်နေ့က အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ပြီး ချက်ရီပါ့ဘလစ်နိုင်ငံတွင်လည်း ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့က အပူချိန် ၄၁ ဒဿမ ၉ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့သည်။

 

ဟန်ဂေရီနိုင်ငံတွင်လည်း စံချိန်တင်အပူချိန်များမြင့်တက်ခဲ့သည့်အတွက် ဟန်ဂေရီဝန်ကြီးချုပ်က အပူလှိုင်းအပြင်းထန်ဆုံး ရက်နှစ်ရက်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတိပေးထားပြီး အစိုးရဝန်ထမ်းများကို Work from Home လုပ်ကြရန် ညွှန်ကြားထားပြီး ပြင်ပအလုပ်ရှင်များကိုလည်း ထိုသို့လုပ်ကြရန် အကြံပေးထားသည်။

 

အီတလီနိုင်ငံရှိ မြို့ကြီး ၂၂ မြို့တွင်လည်း အပူဒဏ်သတိပေးချက်များ ထုတ်ပြန်ထားပြီး အပူရှိန်ပြင်းထန်မှုကြောင့် ခရိုအေးရှား၊ အယ်လ်ဘေးနီးယားနှင့် ဘော့စနီးယားနိုင်ငံတို့တွင် တောမီးလောင်ကျွမ်းမှုများလည်း ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

 

အနောက်ဥရောပတွင်မူ အပူချိန်များကျဆင်းနေသော်လည်း အပူလှိုင်းဖြတ်သန်းခြင်းများ ဖြစ်ပွါးနိုင်ပြီး လာမည့် ဇူလိုင် ၅ ရက်နေ့မှစ၍ ပြင်သစ်၊ စပိန်၊ ဂျာမဏီ၊ အီတလီ၊ ဆွစ်ဇလန် နှင့် UK ရှိအချို့ဒေသတို့တွင် အပူချိန်မြင့်တက်မှုများကြုံတွေ့လာမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။

 

ကိုးကား – Aljazeera