နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
မြန်မာနိုင်ငံတွင် အာဏာရှင်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဘီလာရုစ်သမ္မတ အလက် ဇန္ဒား လူကာရှန်ကို ထပ်မံလာရောက်မည်ဖြစ်ပြီး အာဏာသိမ်း ရွေးတုအစိုးရအဖွဲ့နှင့် တွေ့ဆုံကာ စစ်လက်နက်ပစ္စည်း၊ နည်းပညာများနှင့် လေယာဉ်ဝယ်ယူရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ဖွယ်ရှိကြောင်း CDM အရာရှိများထံက သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ အလုပ် သဘောခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း ရွေးတုအစိုးရဘက်မှ ဆိုထားသော်လည်း ခရီးစဉ်ရက် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဘီလာရုစ်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး နိုင်ငံတကာ၏ အရေး ယူဒဏ်ခတ် ပိတ်ဆို့ခံထားရသော ဘဝတူအာဏာရှင်နိုင်ငံချင်း ပိုမိုပေါင်းဖက်ရန် ဖြစ်သလို ရွေးတုသမ္မတကိုယ်တိုင်လည်း အလက်ဇန္ဒား လူကာရှန်ကို၏ အုပ်ချုပ်ရေးပုံစံကို အားကျနေခြင်းဖြစ်ကြောင်း လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“မင်းအောင်လှိုင်က ပြောရမယ်ဆိုရင် ဘီလာရုစ်ကို ပိုပြီးအားကျနေတယ်။ သူလိုချင်တာကလည်း ဘီလာရုစ်လို ပုံစံမျိုး၊ ဟိုကလည်း သူ့ပုံစံ အာဏာရှင်မျိုးစေ့ ချတာမျိုးပေါ့။ ပြီးတော့ စစ်လက်နက်၊ လေယာဉ်ကိစ္စ စာချုပ်ချုပ်၊ ဝယ်ယူတာတွေ လုပ်ကြလိမ့်မယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရှေ့ဥရောပရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော ဘီလာရုစ်နိုင်ငံတွင် သမ္မတ အလက်ဇန္ဒား လူကာရှန် ကိုသည် ၁၉၉၄ ခုနှစ်မှစ၍ အာဏာရှင်စနစ်ဖြင့် မိသားစုလိုက် ယနေ့တိုင် အုပ်ချုပ်နေသူ ဖြစ်သည်။ ထို့ကြောင့် ဘီလာရုစ်သည် မြန်မာရွေးတုအစိုးရကဲ့သို့ပင် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုကို ခံထားရသည်။
ထို့ပြင် ဘီလာရုစ်သည် ရုရှား၊ ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယားနှင့် လတ်ဗီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး နိုင်ငံတကာပိတ်ဆို့မှုများကို ကျော်လွှားရန် ရုရှားနှင့် တရုတ်တို့၏ ဦးဆောင်မှုနောက်သို့ လိုက်ပါကာ စစ်လက်နက်၊ လေယာဉ်နှင့် နည်းပညာများကို ရုရှားထံမှ ဝယ်ယူနေရသည့် နိုင်ငံဖြစ်သည်။
ယင်းနည်းတူ မြန်မာ့အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည်လည်း ရုရှားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်များကို ဝယ်ယူနေရသဖြင့် ယခု ဘီလာရုစ်သမ္မတ၏ ခရီးစဉ် အတွင်း ရုရှားနည်းပညာသုံး စစ်လက်နက်များ ဝယ်ယူရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ဖွယ်ရှိကြောင်း CDM အရာရှိများက သုံးသပ်ထားသည်။
လက်ရှိတွင် ရွေးတုအစိုးရသည် နယ်မြေအလှမ်းဝေးသော ရုရှားနိုင်ငံထံမှ တိုက်ရိုက်ဝယ်ယူနေရမှုကို ငွေကြေးနှင့် သယ်ယူပို့ဆောင်ရေး သက်သာစေရန်အတွက် ရုရှားနည်းပညာကို အဓိကအခြေခံသည့် ဘဝတူ ဘီလာရုစ်နိုင်ငံနှင့် ချိတ်ဆက်ကာ အားကိုးဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဆိုသည်။
“အဓိကကတော့ သူတို့အသွင်တူရာခြင်း ပေါင်းဖက်ကြတဲ့ ပုံစံမျိုးပေါ့။ နောက်တစ်ခုက မြန်မာပြည် မှာသုံးတဲ့ စစ်လက်နက်ပစ္စည်း၊ လေယာဉ်တွေက ရုရှားနည်းပညာတွေ ဖြစ်တဲ့အတွက် ဘီလာရုစ် ကလည်း ရုရှားနည်းပညာ ဖြစ်တဲ့အတွက် ပြင်ဆင်၊ ထပ်ဝယ်မယ့်ဟာတွေ ရှိနိုင်တယ်” ဟု ၎င်းက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ယင်းမတိုင်မီ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ခရီးစဉ်အတွင်းကလည်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လက်ရှိရွေးတုသမ္မတ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံကာ နိုင်ငံ တကာမှ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားမှုများကို ပူးပေါင်းတုံ့ပြန် သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – MOI ပုံဟောင်း