ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
တရုတ်နိုင်ငံမှ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အကောင်အထည်ဖော်ရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန ၂၃ ခုကျော် ပူးပေါင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် ကောင်စီနှင့် ဝန်ကြီးဌာန ၂၃ ခုတို့ သည် ယမန်နေ့ ဇွန် ၃၀ ရက်နေ့က နေပြည်တော်ရှိ ရွေးတုအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် BRI နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) မူဘောင်အောက်ရှိ လက်ရှိ စီမံကိန်းများ၏ တိုးတက်မှုနှင့် BRI စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးသည် မြန်မာနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ ပြီးခဲ့သည့် တရုတ် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံရာတွင် BRI စီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး၊ လုံခြုံရေးအခြေ အနေကြောင့် ရပ်ဆိုင်းထားသည့် လုပ်ငန်းများ အပြီးသတ် နိုင်ရေး အချက်များကို အပြန်အလှန် ကတိပြုပြောဆိုခဲ့ကြပြီး ငါးရက်ကြာ ခရီးစဉ်အတွင်း မြန်မာ-တရုတ် အစိုးရချင်းချင်း နားလည်မှုစာချွန်လွှာ (MOU) ၁၈ ခုအထိ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ BRI လမ်းကြောင်း ပါဝင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် လက်ရှိအချိန်၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း တရုတ်-မြန်မာ အဓိကနယ်စပ် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော် လမ်းကြောင်းများမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိသည့် အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ စီမံကိန်းများ ဘေးကင်းစေရန်အတွက် ရွေးတုအစိုးရအပြင် စီမံကိန်းလမ်းကြောင်းပေါ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ လုံခြုံရေးဆိုင်ရာ ဆွေးနွေး မှုများ ပြုလုပ်ခြင်း၊ နယ်စပ်တွင် အပစ်အခတ် ရပ်စဲရေးရရှိရန် ကြားဝင်စေ့စပ်ပေးခြင်းများကိုပါ ပြုလုပ်လျက်ရှိသည်။
BRI လမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိမည့် မဟာဗျူဟာ မြောက် စီမံကိန်းဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရရှိသေးသရွေ့ အောင်မြင်စွာ အကောင်အထည်ဖော်ရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း မျက်မှောက်ရေးရာ လေ့လာသူများက ဆိုထားသည်။
ဓာတ်ပုံ – MOI / China Daily