ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
စင်ကာပူနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ဒေါ်လာ ၂၂ ဒသမ ၃ သန်း တန်ဖိုးရှိ AGM-114R ဟဲလ်ဖိုင်းယားဒုံးကျည် ဝယ်ယူဖို့ကမ်းလှမ်းမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အ တည်ပြုလိုက်ပါတယ်။
အဆိုပါအစီအစဉ်မှာ တိကျစွာ ပစ်ခတ်နိုင်တဲ့ ဝေဟင်မှ မြေပြင်ပစ် ဟဲလ်ဖိုင်းယား ဒုံးကျည် ၆၇ စင်းအပြင် အပိုပစ္စည်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပါဝင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ မှာ ပြောကြားခဲ့ပြီး အဓိက ကန်ထရိုက်တာက လော့ခ်ဟိဒ်မာတင်ကုမ္ပဏီ ဖြစ်ပါတယ်။
“အခုအစီအစဉ်ဟာ အာရှဒေသတွင်း နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတိုးတက်မှုအတွက် အရေး ပါတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံရဲ့ လုံခြုံရေးကို မြှင့်တင်ပေးမှာဖြစ်ပြီး အမေရိကန်ရဲ့ နိုင်ငံခြား ရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို အထောက်အကူပြုစေမှာဖြစ်ပါတယ်” လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်က အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးအရ ပတ်သက်မှုတွေကို တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန် မှာ ယခုအစီအစဉ်ဟာ စင်ကာပူသို့ စစ်လက်နက်ပစ္စည်းတွေ ဆက်တိုက်ရောင်းချမှုထဲက နောက်ဆုံးဖြစ် ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံက စစ်ရေးအရ ပိုမိုတင်းမာခက်ထန်လာနေတာကို စိုးရိမ်ကြောင်း အမေရိကန်အရာရှိ တွေက ထောက်ပြနေကြပြီး ဒေသတွင်း မိတ်ဖက်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို တိုး မြှင့်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စင်ကာပူသို့ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ P-8A ပင်လယ်ရေ ကြောင်းကင်းလှည့်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကို အမေရိကန်က အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၁၄ သန်း တန်ဖိုးရှိတဲ့ လမ်းညွှန်စနစ်ပါ အချက်ပြ ဒုံးကျည်ပစ်လွှတ်စနစ် တိုက်ပွဲဝင်ထိပ်ဖူးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သီးခြားရောင်းချဖို့ အမေရိကန်နိုင် ငံက အတည်ပြုခဲ့ပါသေးတယ်။
စင်ကာပူနိုင်ငံဟာ အမေရိကန်ရဲ့ ရေရှည်လုံခြုံရေးမိတ်ဖက်ဖြစ်သလို တစ်ဖက်မှာလည်း အကြီး မားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း စီးပွားရေးအရ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေး ရှိနေ ပါတယ်။
ကိုးကား – SCMP
Ref; US State Department green lights possible sale of Hellfire missiles to Singapore