ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ဇူလိုင် ၁ ရက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်၏ ခလရ-၁၉ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့်ကို စစ်မှုထမ်းတပ်သားသစ်က လုပ်ကြံခဲ့သည့် ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း Force for Federal Democracy (FFD) ထံမှ သိရသည်။
ခလရ-၁၉ တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့်ကို ပြည်သူ့စစ်မှုထမ်း တပ်သားသစ်က ရွေးတုအစိုးရ စစ်တပ်၏ ယုံကြည်မှုကို ရယူကာ တပ်ရင်းမှူး၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခံရချိန် ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့တွင် အခွင့်ကောင်းယူကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“လုပ်ကြံတဲ့ဖြစ်စဉ် မှန်ကန်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ စုံစမ်းလေ့လာ အတည်ပြုပြီဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ လုံခြုံရေးကိစ္စတွေအတွက်ရော နောက်ဟိုဘက်က တုံ့ပြန်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်” ဟု FFD တပ်ဖွဲ့ ဒုတာဝန်ခံ အောင်အောင်ကဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းတပ်သားသည် တပ်ရင်းမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် စစ်ကြောင်းမှ အခြားတပ်သား ၂၀ ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်တကွ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံသို့ ဘေးကင်းစွာ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်စိုးရိမ်တာက ကျွန်တော်နဲ့အတူ လိုက်မယ့် ညီအစ်ကိုတွေကို ပြန်မိမှာကိုပေါ့။ ကျွန်တော့်မှာ သေနတ်ရှိတယ်၊ ကျည်လည်း အပြည့်ပဲဆိုတော့ ဒီကောင်တွေ တက်လာတာနဲ့ ဒီတပ်ရင်းမှူးကို သတ်နေတဲ့အချိန်မှာ၊ အထုပ်အပိုးတွေနဲ့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့တက်လာရင် ကျွန်တော် ပစ်ဖို့က အဆင်သင့်ပဲ။ သေမှာလည်း ကျွန်တော် မကြောက်တော့ဘူး။ အဓိက ကျွန်တော် လွတ်မြောက်ချင်တာ။ အဲ့ဒီစိတ်နဲ့ပဲ ကျွန်တော် ကြိုးစားလိုက်တာ အဆင်ပြေသွားတယ်” ဟု တပ်ရပ်မှူးကို လုပ်ကြံသတ်ဖြတ် ခဲ့သည့် စစ်မှုထမ်းတပ်သားက ဆိုထားသည်။
အဆိုပါပြည်သူ့စစ််မှုထမ်းတပ်သားမှာ တပ်ရင်းမှူးကိုလုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် စစ်ကြောင်းမှ အခြားတပ်သား ၂၀ ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်တကွ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
အသက် ၃၃ နှစ်အရွယ် အဆိုပါ တပ်သားသစ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က နေအိမ်၌ပင် ပေါ်တာဆွဲ စစ်မှုထမ်းစုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပြီး စစ်မှုထမ်းသင်တန်း ဆင်းပြီးနောက် ဖာပွန်ရှေ့တန်း စစ်မျက်နှာသို့ စေလွှတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – FFD