ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေရာမှ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် လာမည့် ဇူလိုင် ၃ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာနိုင်သောကြောင့် ယင်းနေ့မှ ဇူလိုင် ၁၀ ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇူလိုင် ၁ ရက်တွင် ထုတ်ပြန် သတိပေးထားသည်။

 

လာမည့် ဇူလိုင် ၃ ရက်မှ ၁၀ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို အထူးသတိထားရန် လိုအပ်သကဲ့သို့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်ကြသူများသည်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လာနိုင်သဖြင့် ကြိုတင်ပြင်ဆင် သတိပြုကြရန် လိုအပ်လျက်ရှိသည်။

 

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက် လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး ယင်းအချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – မိုး/ဇလ