ဧရာဝတီတိုင်းမ်

ဇူလိုင် ၁ ရက်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တာဝန်ချိန်ပြင်ပ အိမ်စီးကားဖြင့် ခိုးထွက်လာသည့် ရွေးတု အစိုးရစစ်တပ် တပ်ဖွဲ့ဝင်များကို လုယက်သူအဖွဲ့တစ်စုက အရပ်သားကားအမှတ်ဖြင့် မှားယွင်းဓားပြ တိုက်မိရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့ ညပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အနီးတွင် အမျိုးသမီးများ ပါဝင်သော လုယက်သူအဖွဲ့က အဆိုပါကားကို တားဆီးလုယက်ရန် ကြိုးပမ်းစဉ် ကားပေါ်ပါလာသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ပစ်ခတ်စဉ် လုယက်သည့် အဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ကားမောင်းလာသည့် ဗိုလ်အဆင့်ရှိ စစ်အရာရှိတစ်ဦး၏ လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

“ကားပေါ်ပါတဲ့သူ အကုန်လုံးက အရာရှိဗိုလ်အဆင့်တွေလို့ ပြောတယ်။ မိန်းကလေးတွေက ကားကို အရင်တားပြီး အုပ်စုလိုက် ဝိုင်းလုတဲ့ပုံစံမျိုး။ ကားထဲကနေ သေနတ်နဲ့ပစ်တော့ လုတဲ့သူတွေကလည်း ပြန်ပစ်တာ။ ကားမောင်းတဲ့ ဗိုလ်အဆင့်ရှိသူ လက်မောင်း ရှပ်ထိသွားတယ်။ လုတဲ့ဓားပြတွေ ဘက်ကလည်း ထိသွားကြတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် တောင်ကြီးမြို့၌ လက်နက်ကိုင်ဆောင်ထားသည့် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများ ဖြစ်ပွားကာ လူသေဆုံးမှုများပင် ရှိနေသော်လည်း လုယက်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။