ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများအတွင်း တပ်သား ရှစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း-၂ ထံကသိရသည်။
ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းမှ တောင်လည်ကျေးရွာအထိုင်စခန်းသို့ ပြန်လည်ထွက်ခွာလာသည့် အင်အား ၇၀ ပါစစ်ကြောင်းကို ပြီးခဲ့သည့် ဇွန်၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့ပြီး တပ်သား ငါးဦး သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါစစ်ကြောင်းသည် လမ်းခရီးတစ်လျှောက်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံများထဲမှ အမျိုးသား နှစ်ဦးကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ရန်သူ့ဘက်ကအင်အားဖြည့်တင်းတာတချို့ရှိပေမဲ့ ခုလောလောဆယ်တော့စစ်အေးနေပါတယ်။ ပေါက်ခေါင်းဧရိယာနဲ့တဆက်တည်းသဲကုန်းမြို့နယ်မှာတော့ တပ်ကအင်အားတွေတိုးချဲ့ထားတာတွေရှိတယ်ပေါ့နော်။အင်အား၂၀၀လောက်မြို့ကိုကာထားတယ်။ ပေါက်ခေါင်းဘက်မှာတော့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ရေးလှုပ်ရှားမှုတော့မရှိပါဘူး” ဟု ပြည်ခရိုင်တပ်ရင်း(၂) သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်Red Starက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဇွန် ၂၅ ရက်နေ့တွင်လည်း တောင်လည်တာဝါတိုင်စခန်းမှထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အဆိုပါညနေတွင်ပင် ပေါက်ခေါင်းမြို့ဘက်မှ တောင်လည်တာဝါတိုင်စခန်းသို့ ဦးတည်လာသည့် စစ်ကြောင်းကို ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ဒေသခံများအနေဖြင့် စစ်တပ်၏ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်များကို အထူးဂရုပြုနေထိုင်ကြရန်နှင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည့် နေရာများသို့ သွားရောက်ခြင်းမပြုကြရန် ပြည်ခရိုင် တပ်ရင်း(၂)က သတိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ – ပြည်ခရိုင်တပ်ရင်း(၂)