ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ကျခံနေရသူဖြစ်သဖြင့် နိုင်ငံတကာဧည်သည့်များနှင့် တွေ့ဆုံခွင့်မပေးနိုင်ဟု ရွေးတုအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်ခြင်းကြောင့် အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်မရှိကြောင်း ရွေးတုအစိုးရ၏ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ပြု လုပ်ခဲ့သည့် ရွေးတုအစိုးရ၏ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနတစ်ခု၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ၎င်းက ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ တွေ့ဆုံခွင့်တောင်း ခံထားမှုနှင့်ပတ်သက်ပြီး”ဒေါ်အောင်ဆန်းစုကြည် သည် ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရတယ်။ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်ပါတယ်။ အဲ့ဒီအတွက် နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့တော့ တွေ့လို့မရပါဘူး။ ပြစ်ဒဏ်ကျခံပြီးသွားတဲ့အချိန်ကျရင်သာ ဒါက တွေ့ခွင့်ရရင် ရနိုင်ပါတယ်။ အခုအချိန်ကတော့ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်တဲ့အတွက် တွေ့လို့မရပါဘူး” ဟု ဒေါ်ခိုင်ခိုင်းစိုးက ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေမှာ အင်မတန်ကောင်းမွန်လျက်ရှိပြီး ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပေးနေကြောင်းလည်း ပြောဆိုထားသည်။