ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မင်းလက်ပံနှင့် ဖလူးကျေးရွာများကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ရွေးတုအစိုးရစစ်တပ်က DKBA၊ BGF တို့နှင့် ပူးပေါင်းကာ အင်အားအများအပြားဖြင့် ဇွန် ၂၀ ရက်နေ့မှစတင်၍ တကျော့ပြန်ထိုးစစ်ဆင်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

DKBA ဗိုလ်ဘိအဖွဲ့မှ(အင်အား ၁၀၀ ခန့် ၊ BGF ဗိုလ်မုတ်သုန်အဖွဲ့ မှအင်အား ၂၀၀ ခန့်နှင့် စစ်တပ်တို့ ပူး ပေါင်းထားခြင်းဖြစ်သည်ဟုဆိုသည်။

မင်းလက်ပံနှင့် ဖလူးကြီးရွာကြားရှိ စခန်းဟောင်းကို ပြန်သိမ်းရန်နှင့် ဖလူးလေးတောင်ကုန်း (တာကော်ကျိုး) ကို ထိန်းချုပ်ရန်ဖြစ်ပြီး၊ DKBA အဖွဲ့အား မင်းလက်ပံဒေသပေးမည်ဟု မက်လုံးပေးစည်းရုံးခဲ့ကြောင်း သိရသည်။

“မင်းလက်ပံဘက်ကို ထိုးဖို့အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ဖို့လုပ်နေတယ်လို့လည်းကြားတယ်။ နောက် တစ်ခုက ဘုရားသုံးဆူကို ပြန်ရဖို့ သူတို့အချင်းချင်းပြန်ပိတ်ဆို့နေတယ်လည်း ကြားတယ်။ အခြေအနေကရှုပ်ထွေးနေပါတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ခုခံတိုက် ခိုက်နေသဖြင့် စစ်တပ်နှင့် ပူးပေါင်းတပ်များ ရှေ့မတိုးနိုင်ဘဲ ဇွန် ၂၉ ရက်တွင် မြဝတီမြို့စောင့်တပ် ၂၇၅ တပ်ရင်းမှ လက်နက်ကြီးများဖြင့် လှမ်းပစ်ကူပေးနေရသည်။

စစ်တပ်သည် အဆိုပါကျေးရွာများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လက်ရှိတွင် ဝေါ်လေဗျူဟာကုန်း၌လည်း စစ်တပ် အထိနာနေကာ ယခုတကျော့ပြန်ထိုးစစ် ထပ်မံကျရှုံးပါက မြဝတီမြို့ပါ တော်လှန်ရေးတပ်များလက်ထဲ ကျရောက်သွားနိုင်ကြောင်း စစ်ရေးသတင်းရင်း မြစ်က သုံးသပ်‌ပြောဆိုသည်။

ရွေးတုအစိုးရစစ်တပ်သည် မိမိတပ်ရင်းအင်အားဖြင့် မတိုးနိုင်သည့်အတွက် နယ်မြေပေးမည်ဟုဆိုကာ DKBA နဲ့ BGF ခွဲထွက်အဖွဲ့များကို ရှေ့တန်းတင် အသုံး ချနေရကာ စစ်တပ်၏ မြေပြင်ခြေလျင် တပ်အင်အားသိသိသာသာ ပြုန်းတီးနေသည်ကို ပြသနေကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ယခုဇွန်လအတွင်း ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကိုပြန်လည်ပေးရန် ရွေးတုအစိုးရက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ထံ ထပ်မံတောင်းဆိုမှုများလည်းရှိသည်။

အခု ဇွန်လ ဒုတိယအပတ်မှ စတင်ပြီး စစ်တပ်အဖွဲ့ဝင် အင်အား ၃၀၀ ကျော်ခန့်သည် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှတစ်ဆင့် ဘုရားသုံးဆူမြို့အနီး ဒေသအခေါ် မူဂျာဒိတ်သို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-မင်းလက်ပံ/ပုံဟောင်း