ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

အာဏာသိမ်းပြီးနောက် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း ရွေးတုအစိုးရ ဖြစ်လာသည့်တိုင် ၎င်းတို့ကို အားပေးထောက်ခံ၊ အသိအမှတ်ပြုခြင်း မရှိဘဲ ကမ္ဘာ့ကုလသမဂ္ဂမှ လျစ်လျူရှုမှု၊တစ်ဖက်စောင်းနင်းပြုမှုများအား ဆက်လက်လုပ်နေဆောင်နေကြောင်း ထုတ်ဖော်ငြီးငြူ ပြောဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ အလွတ်သဘော ရှင်းလင်းမှုများ ပြုလုပ်တင်ပြချက်အပေါ် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ယနေ့ထုတ် ၎င်းတို့ဝါဒဖြန့် သတင်းစာပါ အယ်ဒီတာအာဘော်၌ ထိုသို့ထည့်သွင်း ဆိုသည်။

“မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေကို မိတ်ဆွေနိုင်ငံတွေရဲ့ အားပေးထောက်ခံမှု၊ အသိအမှတ်ပြုမှု ရရှိစေသော်လည်း ကုလသမဂ္ဂတာဝန်ရှိသူအချို့က လျစ်လျူရှုတာ၊ တစ်ဖက်စောင်းနင်းပြုမူတာတွေ တရားသေဆက်လက် စွဲကိုင်ထားဆဲ ဖြစ်တာကို တွေ့ရတယ်” ဟု ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သော ဇွန် ၁၉ ရက်၌ ပြုလုပ်ခဲ့သည့် ယင်းတင်ပြမှုတွင် မြန်မာနိုင်ငံအား ဆိုက်ဘာရာဇဝတ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်၊ ကမ္ဘာပေါ်၌ ငတ်မွတ်ခေါင်းပါးမှုဒဏ် အဆိုးရွားဆုံး ခံစားနေရသော ဆဋ္ဌမမြောက်နေရာ၊ အကြမ်းဖက်မှုများနှင့် နေရပ်စွန့်ခွာသူများ အရေအတွက်မြင့်မားနေမှု စသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တင်ပြမှုများသည် အခြေအမြစ် ကင်းမဲ့နေသလို မြန်မာနိုင်ငံအပေါ် မမှန်မကန်အချက်အလက်၊ အတည်ပြု၍မရသော ကိန်းဂဏန်း စာရင်းဇယားများကို အခြေပြု၍ တစ်ဖက်စောင်းနင်း စွပ်စွဲမှုများဖြစ်ပြီး အလွန်ဆိုးရွားသည့် နိုင်ငံအဖြစ် ပုံဖော်‌နေခြင်းဖြစ်ကြောင်း ရွေးတုအစိုးရက ငြင်းဆိုဖော်ပြထားကြောင်း သိရသည်။

ထိုကဲ့သို့‌ ငြင်းဆိုနေသော်လည်း လက်ရှိအချိန်ထိ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေသလို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖယ်ကြဉ်ထားမှုမှ လွတ်မြောက်အောင်လည်း ၎င်းတို့ကို ထောက်ခံနိုင်ငံတချို့နှင့် ထိတွေ့ပူးပေါင်းကြိုးစားနေသည်။

ယင်းအပြင် အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ဖန်တီး ရယူထားသည့် ရွေးတုအစိုးရနှင့် ရွေးတုလွှတ်တော်တို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်ရောက်ရှိလာနေပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးယန္တရားတို့ လည်ပတ်မှုများ စတင်နေပြီဖြစ်ကြောင်း မဟုတ်မမှန် ပြောသည်။

လက်ရှိတွင် ၎င်းတို့ကို မထောက်ခံ၊ အသိအမှတ်မပြုသော အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများအား စွပ်စွဲပြစ်တင်နေပြီး ကုလသမဂ္ဂအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ မူလရည်ရွယ်ချက်၊ အခြေခံမူများ မမေ့မလျော့ရန်၊ အချုပ်အခြာအာဏာနှင့် တန်းတူရည်တူရှိမှုများအား လေးစားရန် ရွေးတုအစိုးရက ဆိုသည်။

ဓာတ်ပုံ- MOI