ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
လက်ရှိကျင်းပနေသော ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်း စောစီးစွာ ထွက်ခွာခဲ့ရပြီးနောက် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်၌ နည်းပြချုပ်ဟောင်း ဟွန်မြောင်ဘိုနှင့် ကစားသမားအချို့ လှောင်ပြောင်ခံခဲ့ရကြောင်း သိရသည်။
ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ တောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရသည့်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း နည်းပြ ဟွန်မြောင်ဘိုက ကြေညာထားသည်။
ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ဒေါသထွက်နေသည့် ပရိသတ်ရာနှင့်ချီက ပြင်းပြင်းထန်ထန် လှောင်ပြောင်အော်ဟစ် ရှုတ်ချခဲ့ကြပြီး “ကိုရီးယားဘောလုံးလောက သေဆုံးသွားပြီ” ဟု ရေးသားထားသည့် စာတန်းများကိုလည်း ကိုင်ဆောင်ထားကြောင်း ကိုရီးယားအခြေစိုက် Korea Herald သတင်းဌာနတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျရှုံးမှုကြောင့် အပြင်းအထန် ဝေဖန်ခံနေရသည့် နည်းပြဟွန်သည် အင်တာနက်လူမှုကွန်ရက်ပေါ်တွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့်ပင် ရင်ဆိုင်ခဲ့ရပြီး လေဆိပ်၌ မီဒီယာများ၏ မေးမြန်းမှုကို တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိဘဲ ရဲတပ်ဖွဲ့၏ အကာအကွယ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က တောင်ကိုရီးယားဘော လုံးလောကတွင် ကြုံတွေ့နေရသည့် ပြဿနာများ၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ် ဆန်းစစ်ရန် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တနင်္ဂနွေနေ့တွင် ညွှန်ကြားခဲ့ပြီး ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် တောင်းဆိုလိုက်သည်။
ထို့ပြင် အတိုက်အခံ နိုင်ငံရေးပါတီများ အားလုံးကလည်း တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) အပေါ် တစ်ခဲနက် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တောင်ကိုရီးယားအသင်းသည် အုပ်စု (A) တွင် ချက်သမ္မတနိုင်ငံကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်ခဲ့သော်လည်း မက္ကဆီကိုနှင့် တောင်အာဖရိကအသင်းတို့ကို ၁ ဂိုး ၀ ဂိုးဖြင့် ဆက်တိုက်ရှုံးနိမ့်ကာ ရမှတ် ၃ မှတ်ဖြင့် အုပ်စုတတိယသာ ရရှိခဲ့သည်။
ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စု ၁၂ စုမှ အုပ်စုတတိယရရှိသည့် အသင်း ၁၂ သင်းအနက် အကောင်းဆုံး ၈ သင်းမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သော်လည်း တောင်ကိုရီးယားအသင်းသည် အဆင့် ၁၀ နေရာတွင်သာ ရှိခဲ့သော ကြောင့် ပြိုင်ပွဲမှ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။
အသင်း၏ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကြောင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း ပြည်ပတွင်ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) သည် နေရပ်ပြန်လာသော လက်ရွေးစင်အသင်းအတွက် တရားဝင်ကြိုဆိုပွဲ အခမ်းအနားကို ဖျက်သိမ်းခဲ့ရသည်။
အဆိုပါ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လက ဟွန်မြောင်ဘိုကို နည်းပြချုပ်အဖြစ် ဒုတိယအကြိမ် ခန့်အပ်စဉ်ကတည်းက ရွေးချယ်မှုလုပ်ငန်းစဉ်၌ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ – Korea Herald, လူမှုကွန်ရက်
ကိုးကား – Korea Herald
Ref : Outgoing coach, players return home to boos after World Cup exit