ဧရာဝတီတိုင်းမ်
(မကွေး)၊ ဇွန် ၃၀ ရက်

 

မကွေးတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းရန်အတွက် ရွေးတုအစိုးရက ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့စဉ် ရက်ဆက် ပြုလုပ်နေခြင်းကြောင့် ကားလမ်းပိုင်းအချို့တွင် ဒေသခံအမျိုးသားများ သွားလာခြင်း မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

မကွေးမြို့နယ်အတွင်းရှိ အဓိကဝင်ထွက်ပေါက်များနှင့် ဂိတ်များတွင် ရွေးတုအစိုးရစစ်တပ်က စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ခရီးသည်တင်လိုင်းကားများပေါ်တွင် လိုက်ပါလာသည့် အမျိုးသားများကို ပေါ်တာဆွဲရန် ဖမ်းဆီးမှုများ ရှိနေခြင်းကြောင့် လက်ရှိတွင် လိုင်းကားများပေါ်၌ လိုက်ပါစီးနင်းသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

 

“အခု လမ်းပေါ်မှာ လိုင်းကားတွေသွားရင် ကားပေါ်မှာ အမျိုးသားတွေ သိပ်ပြီးမပါကြတော့ဘူး။ အားလုံးက အဖမ်းခံရမှာ ကြောက်လို့ မသွားရဲကြတော့တာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ပေါ်တာဆွဲနေသည့် နေရာများမှာ မကွေး-နတ်မောက်လမ်းနှင့် မြို့ဝင်ရဲဂိတ်များ ဖြစ်ကြပြီး ခင်ဖြန့်ကြီးရွာ၊ တည်ပင်ကန်ပေါက်ရွာနှင့် နတ်ကန်ရွာ စသည့်ကျေးရွာများမှ ဒေသခံများ စစ်မှုထမ်း ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးခံနေရကြောင်း သိရသည်။

 

ယင်းအပြင် မကွေး-တောင်တွင်းလမ်း သစ်ရာကောက်ဂိတ်၊ ယင်းဆိပ်ရဲကင်း၊ မကွေးမြို့ရှောင်လမ်းနှင့် ကုန်တင်ကားကြီးကွင်း အတွင်း၌လည်း ရွေးတုအစိုးရစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

 

လက်ရှိတွင် မကွေးကားကွင်းအတွင်း၌ ကုန်တင်ကုန်ချ လုပ်ကိုင်နေကြသည့် အလုပ်သမားများမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ သွားလာရဲခြင်း မရှိသောကြောင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ အပေါ်တွင်ပါ ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း ကုန်ကားမောင်းသူများ ထံမှ သိရသည်။

 

(ပုံ-မကွေးမြို့ဝင် မုဒ်ဦး / ပေးပို့