ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

 

ရွေးတုအစိုးရစစ်တပ်၏ အကြီးအကဲအသစ် ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တပ်တွင်း ထိပ်ပိုင်းရာထူး အပြောင်း အလဲနှင့် ရာထူးတိုးမြှင့်မှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်း နေပြည် တော် စစ်ရုံးချုပ် သတင်းရင်းမြစ်များထံမှ သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ရာထူးတိုးမြှင့်မှုများတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး အခြားထိပ်ပိုင်း စစ်အရာရှိကြီးနှစ်ဦးဖြစ်သည့် ဗိုလ်ချုပ် စိုးလှိုင်နှင့် ဗိုလ်ချုပ် ပြည့်စုံလင်းတို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်များသို့ အသီးသီး တိုးမြှင့် ပေးခဲ့သည်။

“ရန်ကုန်တိုင်းမှူးနဲ့ ရဲချုပ်တွေကိုပါ အပြောင်းအလဲတွေ လုပ်ပစ်တာရှိတယ်။ စိုးလှိုင်ကို ကစထမှူးနေရာ ပို့လိုက်တယ်။ တပ်ချုပ်ရဲဝင်းဦးက ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုပေမဲ့ အကုန်လုံးက စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ဆီကိုပဲ အစီရင်ခံစာ တင်ပြနေကြရတုန်းပါပဲ” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရာထူးတိုးမြှင့်ခံရသူများအနက် ဗိုလ်ချုပ်ကြီးအဆင့် ရရှိသွားသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတိယ စစ်ခေါင်းဆောင်ဟောင်း စိုးဝင်းနှင့် တစ်ပတ်စဉ်တည်း ကျောင်းဆင်းခဲ့သူဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ဆယ်စုနှစ်တစ်ခုကြာအောင် ရာထူးမတက်ဘဲ နေခဲ့ရသူဖြစ်သည်။ လက်ရှိတွင် ၎င်းအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားပြီး ယခုအခါ ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်လိုက်ခြင်းကြောင့် တပ်ချုပ်သစ် ရဲဝင်းဦးနှင့် ရာထူးတန်းတူပင် ဖြစ်လာသည်။

ကျန်ရှိသည့် စစ်အရာရှိကြီးနှစ်ဦးအနက် ဗိုလ်ချုပ် စိုးလှိုင်သည် တေဇ အပတ်စဉ် (၂၄) ကျောင်းဆင်း ဖြစ်ပြီး ယခင်က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကာ ပြီးခဲ့သည့် မတ် ၂ ရက်နေ့ကမှ ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

 

၎င်းသည် အစမ်းခန့်ကာလ သုံးလပင် မပြည့်သေးမီ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တစ်ရှိန်ထိုး ရာထူး တိုးမြှင့်ခံရပြီးနောက် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး တာဝန်ယူထားသည့် အမှတ် (၃) စစ်ဆင်ရေးအထူး တပ်ဖွဲ့မှူး (ကစထ-၃ မှူး) နေရာသို့ အစားထိုး ခန့်အပ်ခံခဲ့ရသည်။ အလားတူ စစ်တက္ကသိုလ် အပတ်စဉ် ၄၀ ကျောင်းဆင်း ဗိုလ်ချုပ် ပြည့်စုံလင်းသည်လည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝမှ ပြီးခဲ့သည့် မတ် ၂ ရက်နေ့တွင် လေကျင့်ရေးအရာရှိချုပ် ဖြစ်လာခဲ့ပြီး ယခုအခါ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ ထပ်မံတိုးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရွေးတုအစိုးရစစ်တပ်၏ ထိပ်ပိုင်းရာထူးများ အပြောင်းအလဲနှင့် ရာထူးတိုးပေးမှုများသည် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် တပ်တွင်း၎င်းအပေါ် သစ္စာစောင့်သိမည့် စစ်ဘက် ခေါင်းဆောင်အလွှာသစ်တစ်ခုကို အလျင်အမြန် ပုံဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စစ်ရေး လေ့လာသုံးသပ်သူများက ထောက်ပြသည်။

 

“ပြည်သူကို တိုက်ရိုက် ဖိနှိပ်ရတဲ့ ရဲတပ်ဖွဲ့ (ရဲချုပ်) နဲ့ လေကြောင်းစစ်ဆင်ရေး (လေကျင့်ရေး အရာရှိချုပ်) ခေါင်းဆောင်တွေကို အရှိန်အဟုန်နဲ့ ရာထူးတိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရှေ့တန်း စစ်မျက်နှာတွေမှာ အကြပ်ရိုက်နေတဲ့ ရွေးတုအစိုးရစစ်တပ်က မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေကို နှိမ်နင်းဖို့ ရဲအင်အားကို ပိုသုံးလာမယ့်အပြင်၊ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စိစစ်လာမယ့် သဘောကို ပြသနေပါတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ၎င်း၏ အမြင်ကို ဧရာဝတီ တိုင်းမ်ကို ပြောသည်။

 

ယခုရာထူးတိုးမြှင့်မှုများသည် စစ်တပ်၏ အင်အားတောင့်တင်းလာမှုကို ပြသခြင်းမဟုတ်ဘဲ တပ်ချုပ်အသစ် ရဲဝင်းဦးက ၎င်း၏ ကုလားထိုင်မြဲစေရန်အတွက် စစ်တပ်ထိပ်ပိုင်းကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်