ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

 

အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့် တရားမဝင်လမ်းကြောင်းများအတိုင်း ဝင်ရောက်လာသော အာဖရိက တိုက်နှင့် အရှေ့အာဖရိကမှ နိုင်ငံသားအချို့ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစား နေရာများတွင် လူကုန်ကူးလိမ်လည်ခြင်း ခံထားရကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

 

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်အလောင်းကစားရုံများအတွင်းမှ အာဖရိကတိုက် အီသီယိုပီးယားနိုင်ငံသား နှစ် ဦး၊ နမီးဘီးယားနိုင်ငံသား ၁ ဦး၊ လိုက်ဘီးရီးယားနိုင်ငံသား တစ် ဦးနှင့် အရှေ့အာဖရိက ဘူရွန်ဒီနိုင်ငံမှ နှစ် ဦး၊ ယူကန္ဓာနိုင်ငံသား တစ် ဦး စုစုပေါင်း ခုနစ် ဦးနှင့်အတူ တရုတ်နိုင်ငံသား ငါး ဦးတို့ကို ဖော်ထုတ်တွေ့ရှိထားသည်။

၎င်းတို့ကို မိခင်နိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူကာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ယနေ့ ဇွန် ၃၀ ရက်နေ့ ရွေးတုအစိုးရအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ယခု ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၇၃၀ ဦးကို ထိန်းသိမ်းခဲ့ပြီး ယင်းတို့အနက် ၁၃,၅၅၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနေသော ပြည်ပနိုင်ငံသား ၁,၁၇၇ ဦးထဲမှ ၆၆၂ ဦးကို မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေ အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများဖြင့် အပြစ်ပေးအရေးယူထားကြောင်း ရွေးတုအစိုးရထံမှ သိရပြီး ၎င်းတို့အနေဖြင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဝါဒဖြန့်ထားသည်။

 

ယင်းအပြင် အွန်လိုင်းလိမ်လည်အလောင်းကစားရုံများ အခြေချရာ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေရှိ တရားမဝင် အဆောက်အအုံများကိုလည်း အပြီးတိုင် ဖြိုချဖျက်ဆီးလျက်ရှိရာ ယမန်နေ့ ဇွန် ၂၉ ရက်က ခုနစ်ထပ် အဆောက်အအုံတစ်လုံးကို မိုင်းခွဲဖောက်ခွဲကာ ဖြိုချလိုက်သဖြင့် လက်ရှိတွင် ဖြိုချရန် ၇၇ လုံး ကျန်ရှိနေသေးကြောင်း ရွေးတုအစိုးရက ဆိုသည်။

 

ဓာတ်ပုံ – MOI