‎ဧရာဝတီတိုင်းမ်
‎ဇွန် ၃၀ ရက်

ဧရာဝတီတိုင်းအတွင်း နေရာအနှံ့အပြားတွင် စစ်ရေးအရ အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရပြီးနောက် ရိုးမအစပ်ရှိ ရေကြည်နှင့် သာပေါင်းမြို့နယ်များသို့ စေလွှတ်သမျှ စစ်ကြောင်းများ အထိနာကာ အကောင်းအတိုင်း ပြန်မဆင်းနိုင်တော့သည့် အတွက် အခြေစိုက်စခန်းများမှ ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးမှုများ ဆက်တိုက်ရှိနေကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဘုရားကြီး လက်နက်ကြီးအခြေစိုက်စခန်းမှ တပ်ဖွဲ့ဝင် ၁၀ ဦး သည် ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့က ထွက်ပြေးခဲ့ပြီး ဇွန် ၂၈ ရက်တွင်လည်း သုံးဦး ထပ်မံ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးသွား သူများအားလုံးကို ပြန်လည်ဖမ်းဆီးမိခဲ့သဖြင့် လက်ရှိတွင် သာပေါင်းရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင် ထားပြီး ၎င်းတို့အား ရှေ့တန်းစစ်မျက်နှာသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ရေကြည်အစပ် ရိုးမဘက်သို့ စေလွှတ်ခြင်းခံရသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင် များသည် အပြင်း အထန် အထိနာနေပြီး ဒဏ်ရာရရှိသူများမှာ ခြေလက်ပြတ်တောက်ခြင်းနှင့် ကျိုးကန်းဒဏ်ရာများဖြင့် ရှေ့တန်းမှ ပြန်လည်ဆင်းလာနေရသည်။

တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများကိုပင် ပြန်လည်ကောက်ယူ နိုင်ခြင်း မရှိသည့်အပြင် ဘုရားကြီးနှင့် စက်ဒေါင့်ကြီး အခြေစိုက်စခန်းများသို့လည်း နေ့စဉ်နှင့်အမျှ ဒဏ်ရာရလူနာများ မှန်မှန်ကြီး ပြန်လည်ရောက်ရှိနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ရေတပ်ဘက်ကို လက်နက်ရိက္ခာအပြည့်နဲ့ ၁၅ ယောက်လာပို့တယ်။ ၃၀ ကို ပြန်ခေါ်ထုတ်သွားတယ်။ ဘုရားကြီးဘက်ကလည်း ပြန်ခေါ်ထုတ်သွားတာရှိတယ်။ ကျောက်ဖြူ၊ စစ်တွေဘက်ကလည်း အရေးကြီးနေတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ရွေးတုအစိုးရသည် စစ်ရေးအရ တပ်အပြောင်းအလဲများလည်း ပြုလုပ်နေပြီး ဇွန် ၂၈ ရက်နေ့က ဘုရားကြီးစခန်းသို့ ရေကြောင်းမှ သင်္ဘောနှစ်စင်းဖြင့် ဆိုက်ကပ်ကာ အင်အား ၃၀၀ ခန့်ကို ခေါ်ထုတ်သွားခဲ့သည်။ ထိုမှတစ်ဆင့် မော်တော် ကားများဖြင့် ဆက်လက်သယ်ထုတ်သွားသော်လည်း မည်သည့်နေရာသို့ ပို့ဆောင်သည်ကိုမူ မသိရသေးပေ။

သို့သော် လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့များ၌ အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် အဆိုပါ ရခိုင်စစ်မျက်နှာသို့ ပြန်လည်ခုခံရန်အတွက် အင်အားဖြည့်တင်းခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

မြေပြင်စစ်ရေးအခြေအနေအရ ပြီးခဲ့သည့်ရက်ပိုင်းက ကြောင်လျှာဒေသတွင် တပ်ဖြန့်ထားသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများသည် မြောက်ဘက်သို့ကွေ့ကာ ရေကြည်အမြောက်တပ် -၃၄၄ ၏ နောက်ကြောဘက်ကို စိုးမိုးမှုရယူရန် ကြိုးပမ်းခဲ့သော်လည်း တပ်ပျက်သည်အထိ အထိနာခဲ့ကြောင်း သိရသည်။

လက်ရှိတွင်မူ အဆိုပါ အမြောက်တပ်-၃၄၄ အနီးရှိ သီတာကုန်းပြင်ဒေသနှင့် နဂါးရစ်တောင်ကြော တစ်ဝိုက်တွင် ရွေးတုအစိုးရစစ်တပ်က နယ်မြေပြန်လည်စိုးမိုးမှုရရှိရန် အသည်းအသန် ကြိုးပမ်း လျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်