ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ပြင်သစ်နိုင်ငံအရှေ့ပိုင်း တွမ်ဘလိန်းမြို့အနီးမှာ လေထီးခုန်သမားတွေ လိုက်ပါလာတဲ့ အရပ် ဘက်လေယာဉ်တစ်စီး တနင်္ဂနွေနေ့က ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါလာသူ ၁၁ ဦးစလုံး သေဆုံး သွားတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်အသေးစားပျက်ကျမှုတွေထဲမှာ သေဆုံးမှုအများ ဆုံး ဖြစ်ရပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ လေထီးနည်းပြ ၅ ဦး၊ သင်တန်းသား ၅ ဦးနဲ့ လေသူရဲတစ်ဦး ပါဝင်တယ်လို့ ပြင်သစ်အရှေ့ပိုင်း မာ့သ်အန့်ဒ်မိုဆဲလ် အုပ်ချုပ်ရေးမှူး အိဗ်ဆီဂီက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ လမ်းသွားလမ်းလာ ဒါမှမဟုတ် အနီးနားက ဘေးလူတွေ ပါဝင်ခြင်းမရှိဘူးလို့ လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဆိုပါလေယာဉ်ဟာ လူနေရပ်ကွက်တစ်ခုနဲ့ လမ်းနှစ်လမ်းအ နီးမှာရှိတဲ့ နန်စီ-အက်ဆေးလေဆိပ် ပြေးလမ်းအနီးက မြက်ခင်းပြင်ထဲကို ပျက်ကျခဲ့တာလို့ သိရပါတယ်။

ဒီမတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ်မှာ ချက်ချင်းရေရေရာရာ မသိရသေးပါဘူး။

လေဆိပ်ကို ရောက်ရှိနေကြတဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအပြင် တခြားမျက်မြင်သက်သေ တွေကိုလည်း ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့တွေက ပြုစုစောင့်ရှောက် ပေးနေပါတယ်။

ပြင်သစ်အရှေ့ပိုင်း နန်စီမြို့ရဲ့ ဒုတိယအစိုးရရှေ့နေ အာမိုရီ လာကုတ်ကတော့ ဖြစ်စဉ်နဲ့ပတ်သက် ပြီး နည်းပညာပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့အတွက် လေဆိပ် ပတ်ဝန်းကျင်နေရာတွေကို လုံးဝမလာကြဖို့ လူမှုကွန်ရက်ပလတ်ဖောင်း X ကနေတစ်ဆင့် တိုက်တွန်း ထားပါတယ်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရန့် နျူနက်ဇ်က ညနေပိုင်းနောက်ကျတဲ့အချိန်မှာ အဆိုပါ လေ ယာဉ်ပျက်ကျရာ နေရာကို လာရောက်ကြည့်ရှုဖို့ ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား – AFP
Ref; Civilian plane crash kills 11 in eastern France: local authorities