ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

 

မန္တလေး-နေပြည်တော် အမြန်လမ်းပေါ်တွင် ရွေးတုအစိုးရစစ်တပ်၏ ထောက်ပို့တပ်ရင်းအတွက် ရိက္ခာဆန် တင်သွင်းပေးနေသူ အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးဆိုသူ ဖမ်း ဆီးခံထားရပြီး ပြန်ပေးငွေအဖြစ် ကျပ်သိန်း ၅၀၀၀ တောင်းခံထားရကြောင်း သိရသည်။

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) လက် အောက်ခံ ထောက်ပို့တပ်ရင်း -၁၂၁ အတွက် ရိက္ခာဆန်ကိစ္စများ ဆောင်ရွက်ပေးနေသူ အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးကို မန္တလေးမြို့မှ ထွက်ခွာလာစဉ် ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့ ညပိုင်းက မန္တလေး-နေပြည် တော် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ အနီးတွင် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ပေးပို့ကြေးနန်းစာတွင် တွေ့ရသည်။

 

“ဒီဖြစ်စဉ်ဟာ ၁၀ ရက်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သိန်း ၅၀၀၀ ဆိုပြီး ဇနီးဖြစ်သူနဲ့ လက်ဝါး ရိုက်လေသလား၊ ဘောလုံးပွဲရှုံးလို့ ဉာဏ်ဆင်တဲ့ဇာတ် လမ်းဆိုတာလား ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ သိရရင် ပြောပေးပါမယ်”ဟု CDM စစ်သား ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးသည် မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ လက်အောက်ရှိ ချမ်းမြသာစည်မြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်နှင့် အလုပ်အမှု ဆောင် (EC) တစ်ဦး ဖြစ် ကြောင်း သိရသည်။

 

၎င်းသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစ၍ စစ်မှုထမ်း ဟောင်းအဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီး၊ ဇွန်လ ၁၄ ရက်နေ့တွင် နန်းတွင်းရှိ ထောက်ပို့တပ်ရင်း -၁၂၁ ၌ ရိက္ခာဆန်ကိစ္စ ဆောင်ရွက်နေကြောင်းနောက်ဆုံးအကြိမ် အဆက်အသွယ်ရရှိခဲ့သည်ဟုဆိုသည်။

 

အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦး ဖမ်းဆီးခံရသည့် ဗီဒီယိုဖိုင်ကို ၎င်း၏ဇနီးဖြစ်သူ ဒေါ်နီလာအောင်က လက်ခံရရှိထားပြီး၊ ဖမ်းဆီးသူများက ငွေကျပ်သိန်း ၅၀၀၀ ဖြင့် လာရောက်ရွေးယူရန် အကြောင်းကြားထားကြောင်း သိရသည်။

 

၎င်း၏ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရမှုကို စစ်မှုထမ်းဟောင်းအဖွဲ့ထံအကြောင်း ကြားခဲ့သဖြင့် ချမ်းမြသာစည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ကြီး ကျော်စိုးက အထက်အဆင့်ဆင့်သို့ သတင်းပေးပို့ တင်ပြထားကြောင်း သိရသည်။

 

အဆိုပါ အငြိမ်းစားဗိုလ်ကြီးကို မည်သည့်လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် လက် ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဟူသော နောက် ဆက်တွဲအခြေအနေ အသေးစိတ်ကိုမူ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။‌

 

ပုံစာ-အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦး