ဧရာ၀တီတိုင်းမ်
ဇွန် ၂၉ ရက်

နေပြည်တော်ရှိ စစ်ရုံးချုပ် (ကကလှမ်း) တွင် မကြာသေးမီရက်ပိုင်းအတွင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ပုံမှန်ထက် ပိုမိုဝင်ထွက်သွားလာနေပြီး စစ်ဘက်နှင့် ရဲဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူးအပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း စစ်ဘက်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများသည် ရွေးတုအစိုးရသမ္မတ မင်းအောင် လှိုင်ထံသို့ တစ်ပတ်လျှင် တစ်ကြိမ် အစီ ရင်ခံစာများ ပုံမှန်ပေးပို့နေရသည့်အပြင် လူကိုယ်တိုင်ပါ သွားရောက်တွေ့ဆုံကာ ရုံးလုပ်ငန်းစဉ်များကို အစီရင်ခံ တင်ပြနေရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ဘက်အပြောင်းအလဲများနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထိပ်ပိုင်းရာထူးများကိုပါ ပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။

ယခင်က ဒုတိယရဲချုပ် (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ် ဝင်းဗိုလ်ကို ရဲချုပ်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ပြီး ၎င်း၏နေရာတွင် ယခင် ရဲရေးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရဲမှူးချုပ် ဝင်းမင်းသိန်းကို ဒုတိယရဲချုပ် (၁) အဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

ယခင်ရဲချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်အား ရာထူးပြောင်းရွှေ့ခြင်း သို့မဟုတ် အရေးယူ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို လက်ရှိအချိန်ထိ မသိရသေးပေ။

တပ်တွင်းသတင်းနှင့် စစ်ရေးသုံးသပ်ချက်များကို ဖော်ပြပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော်ကလည်း “ယခင်ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင် (ခ) မာမီစိုးလေး ဘာဆက်ဖြစ်မယ်မသိဘူး။ စောင့်ကြည့်ရမယ့်အနေအထားပဲ” ဟု သုံးသပ်ပြောဆိုထားသည်။

စစ်ရုံးချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက “စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ရာထူးအပြောင်းအလဲလည်းရှိတယ်။ ရဲဘက်မှာလည်း ပြောင်းတယ်။ စစ်ရုံးချုပ်မှာ ခြေရှုပ်နေကြတာ။ အခုထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစီရင်ခံစာ တင်ပြနေကြရတုန်းပဲ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲချုပ်နေရာကို ရဲချုပ် (ငြိမ်း) ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် ဇင်မင်းထက်၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်တို့က အဆက်ဆက် တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့အနက် ရာထူးတိုးမြှင့်ခံရသည့် နီလင်းအောင်မှလွဲ၍ ကျန်ရှိသူများသည် ဖမ်းဆီးစစ်ဆေးခံရခြင်းနှင့် ရာထူးမှ ဖယ်ရှားနေရာရွှေ့ပြောင်းခံရခြင်းများကိုသာ ကြုံတွေ့ခဲ့ရသည်။

နေပြည်တော် စစ်ရုံးချုပ်အတွင်း ယခုကဲ့သို့ စစ်အရာရှိကြီးများ အဝင်အထွက်စိပ်နေခြင်းနှင့် ထိပ်ပိုင်းရာထူး အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းသည်နောက် ကွယ်မှ စစ်ရေးနှင့် ဗျူဟာရေးရာ အလှည့်အပြောင်းအချို့နှင့် ဆက်စပ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။