ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် အပါအဝင် ခရိုင်တာဝန်ရှိသူအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကိုင်းတိုင်းစစ်ရုံးတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
လတ်တလောတွင် လုံခြုံရေးအရ ဖမ်းဆီးစစ်ဆေးနေသည့် အသေးစိတ်အခြေအနေများကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း မကြာမီ တရားဝင်သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

ဗိုလ်စွမ်းသူမောင်နှင့်အဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရုံးချုပ်အမိန့်ဖြင့် ဆားလင်း ကြီးအခြေစိုက် အယ်လ်ဖာစစ်ကြောင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ယင်းမာ ပင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“MOD စစ်ရုံးချုပ်အမိန့်နဲ့ ဆားလင်းကြီးအခြေစိုက် အယ်လ်ဖာစစ်ကြောင်းကနေ ခရိုင်ကွပ်ကဲရေးမှူး တစ်ဖွဲ့လုံးကို ဖမ်းခေါ်သွားပြီ” ဟု ၎င်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ကျင်းပသည့် အစည်းအဝေးတွင် ၎င်း၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူ ရဲဘော်ငဖြိုးက တပ်ရင်းမှူး ပုလဲမောင်အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုအပြီးတွင် ရဲဘော်ငဖြိုးက “ဆရာဖြစ်သူ ဗိုလ်စွမ်းသူမောင်အား လုပ်ကြံပေးလျှင် ကျပ်သိန်း ၅,၀၀၀ ပေးမည်ဟု ပုလဲမောင်က ကမ်းလှမ်းခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း” ထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က လုပ်ကြံမှုကျူးလွန်သူ ရဲဘော်ငဖြိုး အား လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင်အချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုမှန်ပေါ်ပေါက် ရေးအတွက် စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တပ်ရင်းမှူး ပုလဲမောင် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အမှတ်(၁) စစ်ဒေသအပါအဝင် ယင်းမာပင်ခရိုင် အတွင်းရှိ အခြားခရိုင်တပ်ရင်းများ နှင့် တော်လှန်ရေး တပ်ဖွဲ့များက အမှုမှန်ကို အမြန်ဆုံးပေါ် ပေါက်စေရေး၊ လုပ်ကြံသူနှင့် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများကို ထိရောက်ပြတ်သားစွာ အရေးယူပေးရေးအတွက် ပြင်းပြင်းထန်ထန် တောင်းဆိုထားကြသည်။
ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် ကလည်း ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ထိရောက်စွာ အပြစ် ပေးအရေးယူနိုင်ရေးအတွက် သမာသတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းချက်တစ်စောင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-
ပုံ-၁ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်နှင့် ၎င်း၏ PA ရဲဘော် ငဖြိုး ၊
ပုံ-၂ ယင်းမာပင်ခရိုင် တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ ၊
ပုံ-၃ ယင်းမာပင်ခရိုင် တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင် ၏ ဈာပန ၊