ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

အာဏာသိမ်း စစ်အုပ်စုကို ခုခံတော်လှန်နေကြသည့် မိမိတို့အချင်းချင်းကြား၌ သဘောထား ကွဲလွဲ မှုများအား လက်နက်အားကိုးဖြင့် မဖြေရှင်းဘဲ ညီညွတ်ရေးကို အခြေခံပြီး ဘုံရန်သူကိုသာ ဦးတည်တိုက်ခိုက်ရန် တော်လှန်ရေး အင်အားစု ၁၅၆ ဖွဲ့က ပူးတွဲကမ်ပိန်း ပြုလုပ်၍ နှိုးဆော်ထားသည်။

တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ အင်အားစုများအကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှု၊ ပွတ်တိုက်မှုများနှင့် ပတ်သက်၍ ထိုအဖွဲ့များက ယမန်နေ့ ဇွန် ၂၈ ရက်တွင် “ဘုံရန်သူ ဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” အမည်ရှိ ကမ်ပိန်းကို စတင်‌ကြောင်း ထုတ်ပြန် ဖိတ်ခေါ်ခဲ့သည်။

ထိုပြဿနာများကို လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာခြင်းသည် မိမိတို့တော်လှန် ရေးအဟုန် တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုအား အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်၍ နိုင်ငံရေးအရ တန်းတူဆက်ဆံမှု၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းသည်။

သမိုင်းသင်ခန်းစာများအရ တော်လှန်ရေး အင်အားစုများ ညီညွတ်လျှင် အောင်ပွဲရ၍ အချင်းချင်း ညီညွတ်မှုပြိုကွဲပါက အောင်ပွဲနှင့် ဝေးကွာရတတ်သောကြောင့် “ဘုံရန်သူ ဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဟူသော လှုပ်ရှားမှုကို မဖြစ်မနေစတင်ရန် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီဟု ဆိုသည်။

ညီညွတ်ရေးသည် အစွမ်းထက်ဆုံးလက်နက် ဖြစ်သည်နှင့်အညီ အချက် ၃ ချက် ပါဝင်သော ယခု ကမ်ပိန်းတွင် အပေါင်း လက္ခဏာ ဆောင်စွာဖြင့် တော်လှန်ရေး ရဲဘော်များ၊ နိုင်ငံရေး အင်အားစုများနှင့် ပြည်သူအားလုံး အတူတကွ ပူးပေါင်းပေးရန် အဆိုပါ ၁၅၆ ဖွဲ့က ဖိတ်ခေါ်ထားသည်။

နိုင်ငံရေး အင်အားစုများတောင်းဆိုသည့် အချက်များမှာ တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများ အနေဖြင့် အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုများကို ဝိုင်းဝန်းတားဆီးကြရန်၊ ကျူးလွန်ချိုးဖောက် မှုများအား တရားမျှတစွာ ဖြေရှင်းဆောင် ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုများ အင်တိုက်အားတိုက် ဝန်းရံပေးကြရန်ဖြစ်သည်။

ယင်းအပြင် နံပတ် (၂) အချက်သည် အတတ်ပညာရှင်၊ အသိပညာရှင်များ၊ အနုပညာရှင်များအနေဖြင့် မိမိတို့တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်ဖြစ်ကြောင်း သိရသည်။

နံပတ် (၃) အချက်မှာမူ ပြည်သူတစ်ရပ်လုံးအနေဖြင့် ကမ်ပိန်း၏ ကြွေးကြော်သံ၊ ပိုစတာနှင့် ဆောင်းပါး များကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် လှုပ်ရှားမှုများအား လူထုဖိအား တစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန် ဖြစ်သည်။

ယခုလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန် မဟုတ်ဘဲ၊ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖြစ်သလို အားလုံးကလည်း တတ်နိုင်သည့် ကဏ္ဍ၊ လွတ်လပ်သည့် ပုံစံများဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးပါရန် ဆော်ဩဖိတ်ခေါ်ထားကြောင်း သိရသည်။

ဓာတ်ပုံ – ထုတ်ပြန်ချက်