ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
မကွေးတိုင်း၊ မကွေးအကျဉ်းထောင်တွင် ရွေးတုအစိုးရလက်အောက်ခံ ထောင်ပိုင်အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် စနစ်တကျ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ် နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
မကွေးထောင် ထောင်ပိုင်ကြီး ဦးဝင်းနိုင်၊ ထောင်ပိုင်လေးနှင့် ထောင်မှူးတို့သည် ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က အကျဉ်း သားများအား “မင်းတို့တတွေကို သွေးမထွက်တဲ့နည်းနဲ့ ငါတို့က သတ်ပစ်လို့ရတယ်၊ သွေးမထွက်တဲ့နည်းနဲ့ သတ်ပြမယ်” ဟု ပြောခြိမ်းခြောက်ပြောဆိုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ အပေါ် ကာလကြာရှည် နှိပ်စက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား ကိုအေးသိန်းသည် ပြီးခဲ့သည့် မေ ၁၄ ရက်နေ့က ခြေထောက်ကိုက်ခဲသောကြောင့် ဆေးတောင်းရာတွင် ကြိမ်းမောင်းခြင်းခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများမှ ဝိုင်းဝန်းပြောဆိုပေးခဲ့ရာ ထောင်ပိုင် ဝင်းနိုင်နှင့်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို ဆေးရုံတိုက်ဆောင်တွင် ခြေချင်း ဒေါက်ခတ် တိုက်ပိတ်ခဲ့ကြောင်း သိရသည်။

အလားတူ မေ ၃၁ ရက်နေ့ကလည်း အကျဉ်းသားများကို တန်းစီးချုပ် စစ်သားကြီး(ခ)ကျော်မျိုးနိုင်နှင့် သိုင်းဆရာဆိုသူတို့က အဓမ္မရိုက်နှက်နေခြင်းကိုဝင်ရောက်တားမြစ်သည့် နိုင်ငံရေးအကျဉ်းသားများကို လည်း တိုက်ပိတ်ခဲ့ကြောင်း PPNM ထံမှ သိရသည်။
“၂၀၂၅ လောက်ကနေ တိုက်ပိတ်ထားပြီး အဆောင်ထဲကို မသွင်းပေးတဲ့နိုင်ကျဉ်းတွေလဲ ရှိနေ သေးတယ်။ ၆လကျော် ၇ လလောက် တိုက်ပိတ်တဲ့ဒဏ်ကို ခံနေရတယ်။ တိုက်ပိတ်ဒဏ်ခံ နေရတာ လည်း ကြာလာတာ လချီနေပြီဖြစ်တဲ့အတွက် အောက်ပိုင်းတွေ မလှုပ်နိုင်တော့တာ စိတ်ပိုင်းဆိုင်ရာ ထိခိုက် လာတာကအစ အသက်အန္တရာယ်ကြုံတွေ့နေရပါတယ်” ဟု PPNM တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မကွေးအကျဉ်းထောင်တွင် မတရား တိုက်ပိတ်ခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ကိုကောင်းမြတ်၊ ကိုအောင်ခြိမ့်သီး (ခ) ဘောကြီး၊ ကိုချစ်မင်းဦး (ခ) ကြံကို၊ ကိုဟိန်းထက်အာကာကျော် (ခ) ခြောက်ကိုး၊ ကိုဖက်တီး၊ ကိုဒိန်းဒေါင်နှင့် ကိုဘုန်းကြီး တို့ဖြစ်ပြီး ၎င်းတို့ကို သံကွန်ကရ စ်ကြမ်းပြင်ပေါ်တွင် အခင်းမပါဘဲထားခြင်း၊ တစ်နေ့ထမင်းတစ်နပ်သာကျွေးကာ ရေကိုလည်းချင် ခွက်ဖြင့် တစ်ကြိမ်သာတိုက်ကြောင်း သိရသည်။
ထို့ပြင် ဇွန် ၁ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား ကိုခေါဂေထန်းကို ပုံစံမောင်းသည်ဟုဆိုကာ ရိုက်နှက် ခဲ့ပြီး ၎င်းကအစာငတ်ခံဆန္ဒပြခဲ့ရာ ကူးစက်မြန် တီဘီရောဂါဝေဒနာရှင်များ ထားရှိသည့် ဆေးရုံတိုက်ဆောင်အတွင်းသို့ အဓမ္မပြောင်းရွှေ့ကာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေနေများကြောင့် မကွေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်မှာ ဆိုးရွားစွာစိုးရိမ်နေရပြီး PPNM အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသည့် ထောင်အာဏာပိုင်များကို မှတ်တမ်းတင်ကာ ကျူးလွန်သူအားလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တင်နိုင်သည်အထိကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အင်တာနက်