ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇွန် ၂၉ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ မာလ်ဆောမ်ကျေးရွာ ဆေးခန်းကို ရွေးတုအစ်ိုးရစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အဆောက်အဦးနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွား ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဟားခါးမြို့နှင့် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိသည့် မာလ်ဆောမ်ကျေးရွာ ဆေးခန်းကို ယမန်နေ့ ဇွန် ၂၈ ရက်၊ ညနေ ၄ နာရီခန့်တွင် စစ်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဆေးခန်းကို ဗုံးကြဲတိုက်ခိုက်တဲ့ အနေအထားပါ။ ဆေးခန်းတော့ မထိပေမဲ့ ဆေးခန်း အဆောက် အဦးတွေနဲ့ ဆေးခန်းအနီးအနားမှာရှိတဲ့ နေအိမ်တွေက ထိခိုက်ပျက်စီးမှုရှိတယ်” ဟု ဟားခါးဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာရှိ ဆေးခန်းအဆောက်အဦနှင့် လူနေအိမ်တချို့ ဗုံးစထိမှန် ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် လက်ရှိ ဟားခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေပြီး မာလ်ဆောမ်ကျေးရွာကို လေကြောင်း တိုက်ခိုက်မှုမပြုလုပ်မီ ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နယ်အတွင်းရှိ CDF Hakha ၏ တပ်စခန်းနှစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

ပုံစာ-လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။