ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ရာတွင် ၂၀၂၅ ခုနှစ်ထက် ယခု ၂၀၂၆ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲ သုံးခုအလိုက် အမှတ်အများဆုံးရရှိသူ ၃၀ ဦးစာရင်းတွင် ရန်ကုန်တိုင်းမှ သုံး ဦးသာ ပါဝင်ကြောင်း ရွေးတုအစိုးရ၏ မြန်မာနိုင်ငံစာစစ်ဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် နိုင်ငံတစ်ဝန်းလုံး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး ယမန်နှစ်က ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့သဖြင့် ၃ ရာခိုင်နှုန်းကျော် တိုးတက် လာခြင်းဖြစ်သည်။

သို့သော် အမှတ်အများဆုံးရရှိသူ စာရင်းတွင် ရန်ကုန်တိုင်းမှ ဒဂုံ၊ လှိုင်သာယာ (အရှေ့) နှင့် လှည်းကူးမြို့နယ်တို့မှ တစ်ဦးစီသာ ပါဝင်ခဲ့ပြီး ကျန်ရှိသည့် အမှတ်အများဆုံးရသူအများစုမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မြိတ်၊ မြစ်ကြီးနား၊ မြန်အောင်၊ ဇလွန်၊ ဟင်္သာတ၊ ကျုံပျော်နှင့် စစ်မက်ဖြစ်ပွားနေသော မုံရွာ၊ မင်းဘူး၊ မင်းကင်း၊ ကံမမြို့တို့မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။
ရန်ကုန်တိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၄၆,၈၈၉ ဦးအထိ တိုးတက်လာသော်လည်း အောင်ချက်ရာခိုင်နှုန်းမှာမူ ယမန်နှစ်ထက် လျော့နည်းသွားခဲ့ပြီး ၂၃,၂၀၃ ဦးသာ အောင်မြင်သဖြင့် အောင်ချက် ၄၉ ဒသမ ၄၈ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ယမန်နှစ် ၂၀၂၅ ခုနှစ်က ရန်ကုန်တိုင်းတွင် ဖြေဆိုသူ ၃၇,၄၆၇ ဦးရှိရာ အောင်မြင်သူ ၁၉,၃၆၆ ဦး ရှိခဲ့သဖြင့် အောင်ချက် ၅၁ ဒသမ ၆၉ ရာခိုင်နှုန်း ရှိခဲ့သည့်အပြင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာ ဘာသာတွဲသုံးခုလုံး၏ အမှတ်အများဆုံးစာရင်းတွင် ရန်ကုန်တိုင်းမှ ရှစ် ဦးအထိ ပါဝင်ခဲ့ကြောင်း ရွေးတုအစိုးရ၏ စာစစ်ဌာနမှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ – MOI၊ လူမှုကွန်ရက်