ဧရာဝတီတိုင်းမ်
ဇွန်၂၉ ရက်
ဧရာဝတီတိုင်းအတွင်း အရေးကြီးစစ်အခြေစိုက်စခန်းများ ဆက်တိုက်ဆုံးရှုံးကာ လူအင်အားပြုန်းတီး နေသည့် ရွေးတုအစိုးရစစ်တပ်က တပ်တွင်းစိတ်ဓာတ်မြှင့်တင်ရန် စစ်ရှုံးနယ်မြေများမှ ပြန်လည် ခေါ်ထုတ်လာသည့် တပ်ဖွဲ့ဝင်အချို့ကို အောင်ပွဲရစစ်သည်များဟုဆိုကာ ကြိုဆိုပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ နယ်မြေခံတပ်ရင်းတျွင် ယမန်နေ့ ဇွန် ၂၈ ရက်နေ့က ဘောမိ၊ မကျည်းစင်၊ လေးမျက်နှာ၊ မြောက်စမ်း၊ ညောင်မှော်နှင့် သောင်တန်းဒေသများမှ ပြန်လာသည့် ရှေ့တန်းပြန်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ် (ကရထ) တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ခိုင်နှင့်အဖွဲ့က ပန်းကုံးများ၊ အောင်သပြေခက်များဖြင့် ကြိုဆိုပွဲလုပ်ကာ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က ထိုသို့လုပ်ဆောင်ခြင်းမှာ ဝါဒဖြန့်ခြင်းဖြစ်ပြီး အမှန်တကယ်တွင်မူ အဆိုပါ ဘောမိ၊ မကျည်းစင်၊ မြောက်စမ်း၊ ညောင်မှော်၊ သောင်တန်းနှင့် လေးမျက်နှာတိုက်ပွဲများ၌ ရွေးတုအစိုးရ စစ်တပ်သည် စစ်ရှုံးနိမ့်ခဲ့ပြီး ကြီးမားသော လူအင်အားပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရသည်။
လက်ရှိ ဧရာဝတီစစ်မျက်နှာတွင် အာရက္ခတပ်တော် (AA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထိုးစစ်များကြောင့် ရွေးတုအစိုးရစစ်တပ်သည် အရေးပါသော ဗျူဟာမြောက် စခန်းကုန်းကြီးများကို ဆက်တိုက်လက်လွှတ်ခဲ့ရသည်။
ပြီးခဲ့သည့် ဇွန် ၁၇ ရက်တွင် ပွိုင့် ၂၈၈ စခန်းကုန်း၊ ဇွန် ၁၉ ရက်တွင် ပွိုင့် ၁၈၈ စခန်းကုန်းနှင့် ဇွန် ၂၁ ရက်တွင် ပွိုင့် ၁၄၈ စခန်းကုန်းတို့ကို AA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲများတွင် ရွေးတုအစိုးရစစ်တပ်၏ အလောင်းများ၊ သုံ့ပန်းများ၊ ဒရုန်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြားကို AA က သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ယမန်နေ့က တစ်ရက်တည်းတွင်ပင် ကရင်ပြည်နယ် ဘောစဲခိုဒေသတစ်ဝိုက်မှ ပြန်ရောက် လာသည့် ရှေ့တန်းပြန်များကို ကြိုဆိုသည်ဟုဆိုကာ စစ်တိုင်းမှူးနှင့်အဖွဲ့က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်လည်း ကြိုဆိုပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။