ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်သည် အာဆီယံအဖွဲ့မှ ချမှတ်ထားသည့် ဘုံသဘောတူညီမှု ၅ ရပ်ကြောင့် ထိုအဖွဲ့၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့်အပေါ် ၎င်းတို့၏ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမတ်ဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်က ရွေးတုလွှတ်တော်သို့ အဆိုတင်သွင်းကာ ကန့်ကွက်ဆွေးနွေးခဲ့သည်။
ပြီးခဲ့သော ၂၀၂၅/၂၆ အတုအယောင် ရွေးကောက်ပွဲတွင် ကလောမဲဆန္ဒနယ်မှ အနိုင်ရ USDP ပါတီအမတ် ဒေါက်တာနန္ဒာလှမြင့်သည် ရွေးတုပြည်ထောင်စုလွှတ်တော်သို့ မြန်မာအရေးအာဆီယံမူ ၅ ရပ်အား “မြန်မာနိုင်ငံနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည်သုံးသပ် ဆောင်ရွက်ပေးရန်” တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ဇွန် ၂၆ ရက်တွင် တင်သွင်းခဲ့ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအာဆီယံဘုံသဘောတူညီမှု ၅ ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီးအခြားနိုင်ငံ ပြည်တွင်းရေးအား စွက်ဖက်ခြင်းမပြုရန်ဟူသော အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် ၎င်းတို့၏ ရွေးတုအစိုးရအပေါ် ဖိအားပေးဖယ်ကြဉ်ထားမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း USDP ပါတီအမတ် ဒေါက်တာနန္ဒာလှမြင့်ကအနောက်နိုင်ငံများကိုပါ ထည့်သွင်း၍ စွပ်စွဲ စကားဆိုခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နောက်ဆုံးတက်ခွင့်ရခဲ့သော အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အဆိုပါ ဘုံသဘောတူညီမှု ၅ ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမူများကို စစ်အုပ်စုက လိုက်နာမှုမရှိဘဲ အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသဖြင့် အာဆီယံက ထိပ်သီးအစည်းအဝေးများသို့ တက်ခွင့်ပိတ်ကာ ဖယ်ကြဉ်ထားခြင်း ဖြစ်သည်။
စစ်အုပ်စုသည် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသဖြင့် အာဆီယံနည်းတူ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအများစုကလည်း အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသော ကြောင့် အဆိုပါ ဖယ်ကြဉ်မှုများမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် အတုအယောင် ရွေးကောက်ပွဲပြုလုပ်ကာ “အရပ်သားအစိုးရ” အမည်ခံ ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းလဲခဲ့သည်။

ထိုသို့ အသွင်ပြောင်းလဲခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စု၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း ပြတ်ပြတ်သားသား ဆိုထားပြီး လက်ရှိတိုင် ဖယ်ကြဉ်၍ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်လုပ် ဆောင်လျက်ရှိသည်။
လက်ရှိတွင် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် ၎င်းတို့ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ၎င်းတို့အား ထောက်ခံအားပေးနေသည့် အိမ်နီးချင်းနိုင်ငံအချို့ထံ နည်းမျိုးစုံဖြင့် အကူအညီတောင်းခံနေချိန်တွင် လက်ဝေခံ USDP ပါတီအမတ်က ယခုကဲ့သို့ အာဆီယံကို ဖိအားပေးရန် ထပ်မံကြိုးပမ်းလာခြင်း ဖြစ်သည်။
USDP ပါတီအမတ် ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ရွေးတုလွှတ်တော်အမတ်များ အမည်စာရင်း တင်သွင်းနိုင်ပြီး လာမည့် ဇူလိုင် ၂ ရက်တွင် ပြန်လည်ခေါ်ယူမည့် ရွေးတုလွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု ရွေးတုအစိုးရ၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် အသိပေး ကြေညာထားသည်။
ဓာတ်ပုံ – MOI