ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အခြေစိုက်လှုပ်ရှားနေသော အာဏာလု စစ်အုပ်စု၏ ခလရ-၁၉ တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့်ကို ၎င်း၏ သက်တော်စောင့်အဖြစ် တာဝန်ပေး ခံရသူ ပေါ်တာဆွဲခံ စစ်မှုထမ်းတပ်သားတစ်ဦးက လုပ်ကြံသတ်ဖြတ်ကာ လက်နက်နှင့်အတူ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း ကနဦးထွက်ပေါ် လာသည့် အမေးအဖြေရုပ်သံမှတ်တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ဇွန်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခလရ-၁၉ တပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းသန့် ဦးဆောင်ကာ ကမမောင်းမြို့ဘက်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် ခြေလျင်စစ်ကြောင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။
တပ်ရင်းမှူးကို လုပ်ကြံခဲ့သည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်နှင့် KNLA တို့ ပြုလုပ်ထားသည့် အမေးအဖြေရုပ်သံမှတ် တမ်းအရ အဆိုပါတပ်ရင်းမှူးကို စစ်ကြောင်းစတင်ထွက်လာသည့် ကမမောင်း မြို့၌ပင် လုပ်ကြံရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင် စစ်တပ်၏ယုံကြည်မှုကို ရယူကာ တပ်ရင်းမှူး၏ သက်တော်စောင့်အဖြစ် တာဝန်ပေးခံရပြီးနောက် ရှေ့ တန်းစစ်မြေပြင်၌ အပိုင်လုပ်ကြံ နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုထားသည်။
“ကျွန်တော်စိုးရိမ်တာက ကျွန်တော်နဲ့အတူ လိုက်မယ့် ညီအစ်ကိုတွေကို ပြန်မိမှာကိုပေါ့။ ကျွန်တော့် အတွက်ကတော့ ကျွန်တော် အရမ်းကြီး မစိုးရိမ်ဘူး။ ကျွန်တော့်မှာ သေနတ်ရှိတယ်။ ကျည်လည်း အပြည့်ပဲ ဆိုတော့ ဒီကောင်တွေတက်လာတာနဲ့ ဒီတပ်ရင်းမှူးကို သတ်နေတဲ့အချိန်မှာ အထုပ်အပိုးတွေနဲ့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့တက်လာရင် ကျွန်တော် ပစ်ဖို့က အဆင်သင့်ပဲ။ သေမှာလည်း ကျွန်တော် မကြောက်တော့ဘူး။ အဓိကကျွန်တော် လွတ်မြောက်ချင်တာ။ အဲ့ဒီစိတ်နဲ့ပဲ ကျွန်တော် ကြိုးစားလိုက် တာ အဆင်ပြေသွားတယ်” ဟု စစ်မှုထမ်းတပ်သားက အဆိုပါ ဗီဒီယိုမှတ်တမ်းတွင် ထည့်သွင်း ပြောကြားထားသည်။
KNU တပ်မဟာ (၅) နယ်မြေအတွင်းသို့ အလင်းဝင်လာသည့် အသက် ၃၃ နှစ်အရွယ် အဆိုပါ တပ်သားသည် ပဲခူးတိုင်း ဇာတိဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က နေအိမ်၌ ရှိနေစဉ် စစ်တပ်၏ အတင်းအကျပ် ဖမ်းဆီးခြင်း (ပေါ်တာဆွဲခြင်း) ကို ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
၎င်းအား စစ်မှုထမ်းအမှတ်စဉ် (၂၁) သင်တန်းသို့ နှစ်လခွဲကြာ မဖြစ်မနေ တက်ရောက်စေခဲ့ပြီးနောက် ဖာပွန်စစ်မျက်နှာပြင်ရှိ ခလရ-၁၉ တပ်ရင်းအောက်သို့ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ရှေ့တန်းရောက် ရှိနေစဉ်အတွင်း တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်မင်းသန့်ကို လုပ်ကြံကာ ထွက်ပြေးလွတ်မြောက် လာခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းတွင် ပြောဆိုထားသည်။
လက်ရှိတွင် KNLA နှင့် တော်လှန်ရေးအင်အားစုများဘက်မှလည်း စစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်း ခေါ်ယူခြင်း ခံထားရသူများအနေဖြင့် အခွင့်အရေးရရှိပါက လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံပူးပေါင်းကြရန် ဆက်တိုက် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။
ပုံစာ – KNLA နှင့် အလင်းဝင်လာသူကို အမေးအဖြေရုပ်သံမှတစ်ဆင့် တွေ့ရစဉ်။