နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ(၅)
====
စစ်တပ်တစ်တပ်နဲ့အမျိုးသမီးတစ်ဦး

ဝေးဝေး
ဧရာ၀တီတိုင်းမ်
ဇွန် ၂၈ ရက်

အမျိုးသားတစ်သန်းနီးပါးနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို စောင့်ကြပ်ကြည့်ရှုနေရတဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။ ယူကရိန်းနိုင်ငံမှာပါ။ အသက် ၄၀ အရွယ် အိုလ်ဟာ ရီရှီတိုင်လိုဗာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာက အိုလ်ဟာကို သမ္မတ ဇလန်စကီးက ယူကရိန်းစစ်တပ်အတွက် ‘တိုင်ကြားမှုများ လက်ခံစစ်ဆေးသူ’ အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒါဟာ ယူကရိန်းစစ်တပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီရာထူးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူမ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကတော့ လွယ်ကူလှတာ မဟုတ်ပါဘူး။

တပ်ထဲမှာ အထက်အရာရှိတွေက အောက်လက်ငယ်သားတွေကို အနိုင်ကျင့်မှုတွေ ရှိနေပါတယ်။ သူတို့ သဘောမကျတဲ့သူတွေကို အန္တရာယ်ကြီးတဲ့ စစ်ဆင်ရေးတွေကို လွှတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ အိုလ်ဟာက ဒီရာထူးကို မယူခင်ကတည်းက စစ်တပ်အတွင်းက အနိုင်ကျင့်မှုတွေကို ၁၀ နှစ်လောက် တိုက်ပွဲဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားခဲ့သူတစ်ယောက်ပါ။

“ဗုံးတွေကြဲနေတဲ့အောက်မှာပဲဖြစ်ဖြစ်၊ စစ်တပ်ထဲမှာပဲဖြစ်ဖြစ်၊ စစ်တိုက်နေတဲ့အချိန်ပဲဖြစ်ဖြစ် အရေးကြီးဆုံးက လူ့ဂုဏ်သိက္ခာပဲ” လို့ သူမက နယူးယောက်တိုင်းမ် သတင်းစာကို ပြောပါတယ်။

စစ်တပ်ကို ဝေဖန်တာဟာ ယူကရိန်းမှာတော့ အထိမခံ အကဲဆတ်လွန်းတဲ့ ကိစ္စပါ။ ၂၀၁၄ ခုနှစ်မှာ ကရိုင်းမီးယားကို ရုရှားတွေ ဝင်သိမ်းကတည်းက တိုင်းပြည်အတွက် ခုခံကာကွယ်ကြတဲ့ စစ်တပ်ကို ပြည်သူတွေက အထူးလေးစားကြပါတယ်။

ဒါကြောင့် အိုလ်ဟာကို ရာဇဝတ်မှုနဲ့ တရားစွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။ တစ်ခါမှာတော့ တပ်မှူးတစ်ယောက်က သူ့တပ်သားတွေကို သေနတ်နဲ့ ချိန်ခိုင်းပြီး အိုလ်ဟာ သူတို့တပ်ထဲကို မဝင်နိုင်အောင် တားမြစ်ခဲ့ဖူးပါတယ်။ အွန်လိုင်းပေါ်မှာလည်း အိုလ်ဟာကို နိုင်ငံခြားသစ္စာခံတစ်ယောက်အဖြစ် သတင်းလွှင့် အပုပ်ချတဲ့ ကမ်ပိန်းတွေ လုပ်ခဲ့ကြပါတယ်။

သူမကတော့ လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့တာပါ။ အိုလ်ဟာက ”အသက်ရှင်လျက်နဲ့ ပြန်လာခဲ့” (Come Back Alive) ဆိုတဲ့ အန်ဂျီအို အဖွဲ့အစည်းကိုလည်း ထူထောင်ခဲ့ပါတယ်။ စစ်သားတွေအတွက် ရည်ရွယ်ပြီး လူ့အခွင့်အရေး သတင်းစာပညာကိုလည်း လုပ်ဆောင်ခဲ့တယ်။ တပ်သားတွေအတွက် ကျည်ကာအင်္ကျီတွေ ရဖို့ ရန်ပုံငွေတွေလည်း ကူညီရှာဖွေပေးခဲ့ပြန်တယ်။

အခုတော့ သမ္မတ ဇလန်စကီးက အိုလ်ဟာကို ’တိုင်ကြားမှုများ လက်ခံစစ်ဆေးသူ’ အဖြစ် ခန့်အပ်လိုက်ပါပြီ။ သူမကို ခန့်အပ်ကြောင်း ကြေညာချက်မှာ သမ္မတက သူမကို ”ထင်ရှားကျော်ကြားပြီး အတွေ့အကြုံများတဲ့ လူ့အခွင့်အရေး ဆော်ဩသူ ယူကရိန်းအမျိုးသမီးတစ်ဦးပါ” လို့ ညွှန်းခဲ့ပါတယ်။

လက်ရှိကမ္ဘာရဲ့ အရက်စက်ဆုံးစစ်ပွဲမှာ လူ့အခွင့်အရေးနဲ့ စည်းကမ်းကို ထိန်းသိမ်းဖို့အတွက် အမျိုးသမီးတစ်ဦးကို တာဝန်ပေးလိုက်တာပါ။ ဒါဟာ သမိုင်းတွင်တဲ့ ”အရွေ့” တစ်ခု ဖြစ်ပါတယ်။ စစ်တပ်တစ်တပ်နဲ့ အမျိုးသမီးတစ်ဦးရဲ့ အားစမ်းပွဲ ဖြစ်လာပါပြီ။

စစ်သားတွေဆီက ထောင်နဲ့ချီတဲ့ တိုင်ကြားစာတွေ သူမဆီကို ရောက်လာခဲ့ပါပြီ။ အိုလ်ဟာမှာလည်း ကိုယ်တိုင်ခံစားချက် ရှိပါတယ်။ သူမအမျိုးသားကလည်း ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ စစ်သားတစ်ဦးပါ။ သူတို့မှာ ၅ နှစ်နဲ့ ၁၄ နှစ်အရွယ် သားနှစ်ဦး ရှိပါတယ်။

ဒီစစ်ပွဲကြီး သက်ဆိုးရှည်နေမယ်ဆိုရင်တော့ တစ်နေ့ကျရင် သူမရဲ့ သားတွေလည်း ရှေ့တန်းကို ထွက်ရမယ်ဆိုတာကို အိုလ်ဟာ သိထားပြီးသားပါ။

“တပ်မှူးတွေနဲ့ ဆက်ဆံရတဲ့အခါ တစ်ခါတလေ သူတို့မျက်လုံးတွေမှာ သံသယစိတ်တွေ မြင်နေရတယ်” လို့ သူမက ဆိုပါတယ်။ ဒါပေမဲ့ သူမရဲ့ ရာထူးအရတော့ “တပ်မှူးတွေ ကျွန်မကို လက်ခံရမှာပဲ” လို့ သူမက ဆက်ပြောပါတယ်။

တချို့ စစ်တပ်အရာရှိတွေက သူတို့ကို လမ်းညွှန်ချက်တွေ လာမပေးခင် ရှေ့တန်းကို သွားကြည့်ဖို့ သူမကို ခနဲ့တတ်ကြပါသတဲ့။ ဒီအခါမျိုးမှာ သူမကလည်း ပြန်ခနဲ့ပါတယ်။ “ကျွန်မက တချို့တပ်မှူးတွေထက် ရှေ့တန်းစခန်းတွေမှာ ပိုပြီးတော့ နေခဲ့ပါတယ်”

တကယ်လည်း ရှေ့တန်းစခန်းက ကတုတ်ကျင်းတွေထဲမှာ စစ်သားတွေလိုပဲ သူမ နေတတ်ခဲ့ပါပြီ။ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ ကတုတ်ကျင်းထဲမှာ အချိန်အကြာကြီး နေခဲ့ရတာတွေ၊ အပြင်ထွက်ပြီး အညစ်အကြေး မစွန့်နိုင်တာတွေကို ကြုံတွေ့ခဲ့ဖူးပါပြီ။

“ဒီအတွေ့အကြုံတွေက စစ်သင်တန်းတွေကို ပြုပြင်ဖို့အတွက်ပဲ” လို့ သူမက ဆိုတယ်။ “အအေးဓာတ်က အနှုတ် ၂၀ ဒီဂရီလောက် ရှိတဲ့အချိန်မှာ မီးတောင် မဖိုနိုင်ဘဲ အသက်ရှင်ဖို့ ဘယ်လို နေထိုင်ရမယ်ဆိုတာတွေကို သင်ကြားပေးရမယ်” လို့ သူမက ဆက်ပြောပါတယ်။

အိုလ်ဟာရဲ့ ဆောင်ရွက်မှုတွေက ဘာကို ပြနေသလဲဆိုတော့ တရားသောစစ်ပွဲကို ဆင်နွှဲတဲ့ တပ်တွေဟာလည်း ကျင့်ဝတ်နဲ့ စည်းကမ်းကို စောင့်ထိန်းဖို့ လိုတယ်ဆိုတာပါပဲ။

တပ်ထဲမှာ သူမ ရင်ဆိုင်ရမှာတွေ အများကြီး ရှိသေးတယ်ဆိုတာ အိုလ်ဟာ သိပါတယ်။

သူမ ပြောတာကတော့ “တပ်သားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတာဟာ တပ်ကို ပိုမိုအားကောင်းအောင် လုပ်တာဖြစ်တယ်”

(The New York Times က To Improve Ukraine’s Military, She Calls Out the Ugly Parts နှင့် လူမှုမီဒီယာက အချက်အလက်များကို ယူပြီး ပြန်ရေးသားပါသည်)