ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်နေသည့်အပြင်၊ ယနေ့နံနက်ပိုင်းတွင် “သုံးသိန်းမှော်” ၌ မြေစာပုံပါ ထပ်မံပြိုကျခဲ့သဖြင့် လက်ရှိအချိန်အထိ ရုပ်အလောင်း ၄ လောင်း ရှာဖွေတွေ့ရှိထားပြီး အနည်းဆုံး လူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာရှိ “သုံးသိန်းမှော်” ဘက်တွင် ယနေ့ ဇွန် ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်ခန့်က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြေစာပုံအောက်သို့ ရေမဆေးသမားများနှင့် ဒေသခံအများအပြား ပါရှိသွားခဲ့ခြင်း ဖြစ်သည်။

“အခုလောလောဆယ်တော့ အလောင်း လေး ခု ရှာတွေ့ထားပြီဗျ။ မြေပြင်မှာ မိုးကလည်း ဆက်ရွာ နေတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရတာ၊ ရုပ်အလောင်းတွေ ဆယ်ရတာ တော်တော် လေး ခက်ခဲနေတယ်လို့ ကြားရတယ်” ဟု လက်ရှိမြေပြင်အခြေအနေကို ဖားကန့်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြေစာပုံပြိုကျမှုအတွင်း ခြောက် ဦးခန့်သာ ပါရှိကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြေပြင်တွင် အမှန်တကယ် ပျောက်ဆုံးနေသူ အရေအတွက်မှာ အနည်းဆုံး ၁၀ ဦးဝန်းကျင်အထိ ရှိနေနိုင်ကြောင်း သိရပြီး လက်ရှိတွင် လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဥရုချောင်းရေ လျှံတက်လာပြီး ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုထက်မနည်း ရေကြီးနစ်မြုပ်မှုဒဏ်ကို ဇွန် ၂၄ ရက်နေ့အထိ ပြင်းထန်စွာ ခံစားခဲ့ရသည်။ အထူးသဖြင့် ဖားကန့်မြို့မဈေးကြီးအတွင်းသို့ ချောင်းရေများ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ရာ ဆိုင်ခန်းအချို့မှာ တံစက်မြိတ်မြုပ်သည်အထိ ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည်။

လက်ရှိအချိန်အထိ ဖားကန့်ဒေသ၌ မိုးရွာသွန်းမှု မစဲသေးသဖြင့် ဥရုချောင်းရေ ထပ်မံကြီးမှုများနှင့်အတူ မြေပျော့ပြီး မြေစာပုံများ ထပ်မံပြိုကျနိုင်သည့် အန္တရာယ်များ အချိန်မရွေး ဖြစ်ပွားနိုင်ခြေ ရှိနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကို အထူး စိုးရိမ်ရေမှတ်ဖြင့် သတိပြုနေထိုင်ကြရန် ကယ်ဆယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်