‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၈ရက်

‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများကို ရွေးတုအစိုးရစစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း စစ်ရေးဗျူဟာမြောက် ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရွေးတုအစ်ိုးရ စစ်တပ်သည် ‎ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေကြည်မြို့နယ်ရှိ ညောင်ပင်သာကျေးရွာနှင့် ဖန်ကပင်ကျေးရွာနှစ်ခုအတွင်းကို လက်နက်ကြီးကျည် များ ကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရသည်။

စစ်တပ်သည် အဆိုပါကျေးရွာများအား ပစ်မှတ်မှတ်ပုံတင်ခြင်း (Target Registration) ပြုလုပ်ထားပြီး လိုအပ်လာပါက အဆင့်သင့်ပစ်ခတ်တိုက်ခိုက်နိုင်ရန် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ထို့ပြင် ဝါးတောကွင်းရွာထိပ်တွင် လက်နက်ကြီးအထိုင်စခန်းတစ်ခု ထပ်မံချထားလိုက်ပြီး၊ လက်ရှိတွင် ရေကြည်နှင့် သာပေါင်းမြို့နယ်အကြား၌ စစ်တပ်၏ လက်နက်ကြီး စခန်း အနည်းဆုံး ခြောက် ခုထက်မနည်း ရှိလာကြောင်း သိရသည်။
‎‎
‎”မပေါက်တဲ့ကျည်တွေနဲ့ ပစ်ပြီး ပစ်မှတ် မှတ်ပုံတင်နေတယ်။ လိုအပ်တဲ့အခါ ထိအောင်ပစ်နိုင်ဖို့ လုပ်နေတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎‎ရွေးတုအစ်ိုးရ စစ်တပ်သည် ဒေသတွင်း ရေကြောင်းစိုးမိုးမှုအတွက် ငဝန်မြစ်အတွင်းတွင် လက်နက်ကြီး တင်ဆောင်ထားသည့် ဇက်ရေယာဉ်တစ်စီးအပြင် စစ်သင်္ဘောများကိုပါ နေရာချထားကြောင်း တွေ့ရှိ ရသည်။

‎ထို့သို့ စစ်ရေးပြင်ဆင်နေသည့်အပြင် ရက်ရှည်ကြာမြင့်လာနေသည့် ကြောင်လျှာဒေသတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှု အလွန်များပြားနေပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ဒဏ်ရာရရှိလာသည့် စစ်တပ် တပ်ဖွဲ့ဝင်များကို စက်ဒေါင့်ကြီးနှင့် ဘုရားကြီးရှိ ဆေးရုံများသို့ ခွဲထုတ်ပို့ဆောင်နေရသည်။

‎အဆိုပါ ဆေးရုံများတွင် မနိုင်တော့သည့် လူနာများကို ပုသိမ်မြို့ရှိ အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ သို့ လွှဲပြောင်းပို့ဆောင်နေရသော်လည်း ဆေးရုံများတွင် လူနာမဆံ့နိုင်အောင် ဖြစ်နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့ကလည်း စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး နောက်စေ့တွင် သေနတ်ကျည်ဆန် ရှပ်မှန်ဒဏ်ရာရရှိခဲ့သဖြင့် စက်ဒေါင့်ကြီးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး၊ လက်ရှိတွင် ၎င်းအား ရှေ့တန်းစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

‎‌ေရွးတုအစိုးရစစ်တပ်သည် ရခိုင်ပြည်နယ်တောင်ပိုင်းကို ပိတ်ဆို့ဖြတ်တောက်ရန်အတွက် အင်အား ၄၀၀ မှ ၆၀၀ ကျော်အထိ အသုံးပြုကာ စစ်ဆင်ရေးပြုလုပ်ခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကြောင့် အဓိကဗျူဟာကုန်းများကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရပြီး တပ်အင်အား အမြောက် အမြား ပြုန်းတီးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဧရာ၀တီတိုင်းမ်ကို ဖြေကြား ထားသည်။

‎ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း)