ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

မတရားအာဏာသိမ်းပြီး ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း ရွေးတုသမ္မတရာထူးကို ဖန်တီးရယူထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့အနေဖြင့် ၅ နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုလာပြီး တစ်ဖက်တွင် ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EROs) များကို ကြိုတင်ကန့်သတ်ချက်မရှိ ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းမှုနှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကိုယ်တိုင်ချိုးဖောက်ကာ နိုင်ငံတဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးညွှန်ကြားနေသူ ဖြစ်သည်။ ၎င်းသည် ဇွန် ၂၆ ရက်က ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ထိုသို့ ကန့်သတ်ချက်မရှိ ဖိတ်ခေါ်ကြောင်း အရှက်တရားကင်းမဲ့စွာ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရွေးတုသမ္မသည် အစိုးရအတုကိုဖွဲ့စည်းပြီးနောက် ရက် ၁၀၀ စီမံချက် ချမှတ်ကာ EROs များကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်သည်ဟု ဆိုထားပြီး လက်တွေ့မြေပြင်တွင် စစ်ရေးအထိနာ၍ ထိန်းချုပ်မရတော့သော နယ်မြေဒေသများကို စစ်အုပ် ချုပ်ရေး ထုတ်ပြန်ကာ စစ်ရေးအရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံး၊ ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများပါမကျန် ဗုံးကြဲမီးရှို့ဖျက်ဆီးခံနေရသောကြောင့် ရွေးတုအစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ERO များက လှည့်စားမှုအဖြစ် သတ်မှတ်ကာ ပယ်ချထားကြသည်။

“ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ် မရှိခဲ့ဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်း ဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ” ဟု အာဏာသိမ်းရွေးတုသမ္မတက အစည်းအဝေးတွင် ၎င်းကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ် ပြောဆိုခဲ့သည်။

ရွေးတုသမ္မတသည် ၎င်းတို့၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်မခံသည့် တော်လှန်ရေးအဖွဲ့များကို အပြစ်တင်စွပ်စွဲသည့်အပြင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို လက်နက်ချအညံ့ခံရန် ဝါဒဖြန့်လျက်ရှိသည်။ သို့သော် အာဏာသိမ်းမှုကို ထောက်ခံအားပေးနေသည့် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် နိုင်ငံအချို့ထံမှတစ်ဆင့် တော်လှန်ရေးအဖွဲ့များအပေါ် ဝိုင်းဝန်းကူညီဖိအားပေးရန် နည်းမျိုးစုံဖြင့် တွေ့ဆုံကြိုးပမ်းနေကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ၎င်းတို့ မတရားသဖြင့် အာဏာသိမ်းယူခဲ့သည့် ယခင် NLD ပါတီ ဒီမိုကရေစီအစိုးရကိုလည်း အပြစ်တင်စွပ်စွဲခဲ့ပြီး တိုင်းရင်းသားဒေသများ၌ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရသဖြင့် ၎င်းတို့က ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားမည်ဟု စည်းရုံးပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ခေါင်းဆောင် ဦးဆောင်သော ရွေးတုအစိုးရအဖွဲ့သည် အာဏာသိမ်းမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံအများစု၏ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး၊ နိုင်ငံတကာက ဖယ်ကြဉ်ထားခြင်း ခံနေရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ၎င်းတို့အာဏာတည်မြဲရေးအတွက် ပုံဖော်ကြိုးပမ်းနေသည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအပါအဝင် မည်သည့်လုပ်ငန်းစဉ်ကိုမျှ လက်မခံကြောင်း ပြတ်ပြတ်သားသား ဆိုထားသည်။

ဓာတ်ပုံ – MOI