‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၈ရက်

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ စစ်ရေးအရ အချက်အချာကျလွန်းသည့် ရွှေကူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များအကြား ဗျူဟာ မြောက် နယ်မြေစိုးမိုးမှုရယူရန် ကြိုးပမ်းနေကြသဖြင့် တိုက်ပွဲများ နေ့စဉ်ရက်ဆက် အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် တကောင်းမြို့အနီး တိုက်ပွဲများကြောင့် ရွှေကူ-မန္တလေး ကားလမ်းကို ပိတ်လိုက်ရသဖြင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ကားများ လမ်းခရီးတွင် ပိတ်မိနေပြီး ယနေ့ ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ရွှေကူရေလမ်းကြောင်းကိုပါ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။ ထို့ကြောင့် ဒေသခံများ၏ ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးတွင် အခက်အခဲကြီးစွာ ကြုံတွေ့နေရပြီး ရွှေကူမြို့တွင်းတွင်မူ ယနေ့အထိ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြဆဲ ဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့တွင် ယမန်နေ့ ဇွန် ၂၇ ရက်နေ့ ညနေ ၇ နာရီခန့်မှ ည ၉ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

“မနေ့က တစ်နေ့လုံး Y-12 စစ်လေယာဉ်က ရွှေကူ တိုက်ပွဲဖြစ်တဲ့နားကို ဝဲနေတာ။ ပြီးတော့ ၂၆ ရက်နေ့က စစ်တပ်ရှိတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ ခဲယမ်းထုတ်တွေ လေထီးနဲ့ တွဲချပေးသွားတယ်” ဟု ရွှေကူဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွှေကူမြို့နယ် အတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲများ ရှိနေကြောင်း မီဒီယာများကို အတည်ပြု ဖြေကြားထားသည်။

ရွှေကူမြို့နယ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် တည်ရှိပြီး စစ်ရေးအရလွန်စွာ အချက်အချာကျသော ဒေသတစ်ခု ဖြစ်သည်။ အထူးသဖြင့် ရွှေကူအထက် ၄ လမ်းဆုံသည် ကုန်းလမ်း အခြေပြု စစ်ဆင်ရေးများနှင့် ရွေးတုအစိုးရစစ်တပ်၏ စစ်ကူ၊ ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်း များအတွက် ဗျူဟာမြောက်လွန်းသဖြင့် အဆိုပါနေရာကို နယ်မြေစိုးမိုးမှုရရှိရန် နှစ်ဖက်စလုံးက အပြင်းအထန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

 

ထို့ကြောင့် ရွှေကူမြို့နယ်သည် ရွေးတုအစိုးရစစ်တပ်အတွက် နောက်ဆုံးခြေကုပ်ယူရန်နှင့် ဗန်းမော် ထိုးစစ်အတွက် အရေးကြီးနေသလို၊ KIA အတွက်မူ နယ်မြေအပြည့်အဝ စိုးမိုးရန် အဓိက အဆုံး အဖြတ်ပေးမည့် အရေးပါသော စစ်မျက်နှာတစ်ခု ဖြစ်လာခဲ့ပြီး စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။

 

ပုံစာ-KIA တပ်ဖွဲ့ဝင်များ၊