‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာများကို ရွေးတု အစိုးရစစ်တပ်က တိုက်လေယာဉ်များဖြင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူနှစ်ဦး လက်မောင်းနှင့် လက်ကောက်ဝတ်များ ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်၏ ကမ်းထိုးရေယာဉ်နှင့် တိုက်ခိုက်ရေး သင်္ဘောများ လက်နက်ကြီးများ ပစ်ခတ်ကာ ဆက်လက်ဆန်တက်လာနေကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။

၀က်လက်မြို့နယ် ရွာသာရွာအနီး၌ ရောက်ရှိကျောက်ချနေသော ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘော နှစ်စီးသည် ယနေ့ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် အထက်ဘက်သို့ စတင်ဆန်တက်နေပြီဖြစ်ကြောင်း Wetlet Information Network ထံမှ သိရသည်။

“ကမ်းထိုးတစ်စီးက ရွာနားကပ်ရပ်ထားပြီး တိုက်ခိုက်ရေးသင်္ဘောက အစုန်အဆန် သွားနေသေးတယ်။ ပြီးတော့မှ အထက်ဘက်ကို ဆန်တက်သွားတာ” ဟု မြေပြင်သတင်းရင်းမြစ်တစ်ခုက လက်ရှိအခြေ အနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ ဇွန် ၂၇ ရက် ညနေပိုင်းကလည်း မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မိုးကြိုရွာ၊ ရေလယ်ကျွန်းရွာနှင့် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ စဉ့်ကိုင်ရွာ နေရာများသို့ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို တံတားဦးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာတစ်စီးနှင့် မကွေး လေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာတစ်စီးတို့ဖြင့် ညနေ ၄ နာရီ ၅၂ မိနစ်မှ ၅ နာရီ ၄ မိနစ်အတွင်း မိနစ်ပိုင်းသာခြားပြီး အချိန်တိုအတွင်း ဆက်တိုက် ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေလယ်ကျွန်းကျေးရွာအတွင်းသို့ ပေါင်ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အသက် ၂၆ နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးတွင် လက်ကောက်ဝတ် ပြတ်ထွက်သွားခြင်း၊ အမျိုးသမီးတစ်ဦးတွင် လက်မောင်းအရင်းနားမှ ပြတ်ထွက်သွားခြင်း စသည့် စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာများကို အသီးသီး ရရှိခဲ့ကြသည်။

ထို့ပြင် ယမန်နေ့ ညနေ ၅ နာရီ ၅၃ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ အင်ဒေါင်းရွာ ရှေ့မှ တစ်ဆင့် မြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရွေးတုအစိုးရစစ်တပ်၏ ကမ်းထိုးရေ ယာဉ်တစ်စီးနှင့် တိုက်ခိုက်ရေးသင်္ဘောတစ်စီးတို့သည် ရှိမ်းမကားရွာ အရှေ့မြောက်ထိပ် မြစ်ကြောင်း ထဲတွင် ပူးကပ် လျက် ကျောက်ချရပ်နားခဲ့သည်။ ယနေ့တွင် မတ္တရာနယ် ဆူလေကုန်းရွာ၊ ရွှေဘိုးကြီး ရွာနှင့်ရှင်လှရွာ အနောက်ဘက်မြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက်ဆန်တက်နေခြင်း ဖြစ်သည်။

အဆိုပါ မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှစ်စီးသည် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။ ဂေါဝိန်ဆိပ်ကမ်းသည် ရွေးတုအစိုးရစစ်တပ်အတွက် အထက် မြန်မာပြည် စစ်ဆင်ရေးများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်မျက်နှာများသို့ စစ်လက်နက်ပစ္စည်း၊ ရိက္ခာနှင့် စစ်ကူအင်အားများ ဖြည့်တင်းရာတွင် အဓိကကျသော ရေကြောင်း ထောက်ပံ့ရေး ဗဟိုချက်တစ်ခု ဖြစ်သည်။

ယခု ဆန်တက်လာသည့် စစ်ရေယာဉ်များသည် မြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းများကို စစ်ကြောင်းထိုးရန် နှင့် ရှေ့တန်းစစ်စခန်းများသို့ အင်အားဖြည့်တင်းရန် ရည်ရွယ် ချက်ဖြင့် ထွက်ခွာလာခြင်းဖြစ်သည်။

ထို့ကြောင့် လမ်းခရီးတစ်လျှောက် မြစ်ကမ်းဘေးကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုကြရန် ဒေသတွင်း သတင်းရင်းမြစ်များက နှိုးဆော်ထားသည်။

ဓာတ်ပုံ-ဧရာ၀တီမြစ်အတွင်းတွေ့ရသည့် စစ်ရေယာဉ်၊