ဧရာဝတီတိုင်းမ်
ဇွန်၂၈ ရက်
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရဲ့ အမြင့်ဆုံး အဆောက်အအုံကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက်မိတာ ကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက စနေနေ့မှာ ပြောကြား လိုက်ပါတယ်။
သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီလေယာဉ်ပျက်ကျမှုမှာ အမြင့် ၅၂၈ မီတာရှိတဲ့ CITIC Tower အောက်ခြေမှာ လေယာဉ်အစိတ်အပိုင်း အကြွင်းအကျန်တွေကို တွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေ တွေ က ပြောပါတယ်။
ပေကျင်းမြို့တော်၊ ချောင်ယန်ခရိုင် အာဏာပိုင်တွေကတော့ အင်ဂျင်တစ်လုံးတပ်၊ ထိုင်ခုံနှစ်နေရာ ပါ လေယာဉ်ငယ်တစ်စင်းဟာ သောကြာနေ့ ညနေ ၅ နာရီ ၅၅ မိနစ်မှာ အထပ်မြင့်အဆောက်အအုံတစ်ခု ကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ WeChat ကတစ်ဆင့် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ဒီဖြစ်စဉ်အပေါ် နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရဲကားတွေနဲ့ လူနာတင်ကားတွေ ရောက်ရှိလာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက လူတွေကို ဓာတ်ပုံမရိုက်ဖို့ တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။
CITIC Tower အဆောက်အအုံဟာ မြေပေါ်အထပ် ၁၀၈ ထပ်နဲ့ မြေအောက်အထပ် ၇ ထပ် ရှိပြီး ရုံးဝန်ထမ်းပေါင်း ၁၂,၀၀၀ ခန့်အထိ ဝင်ဆံ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ပြည်သူ့လုံခြုံရေးကို အကြောင်းပြပြီး အထူးသဖြင့် ပေကျင်းမြို့ပြဧရိယာ အနီး တစ်ဝိုက်က လေပိုင်နက်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်နိုင်ငံဟာ ဘေဂျင်းမှာ ဒရုန်းတွေ ရောင်းချတာကို ပိတ်ပင်တားမြစ်ခဲ့ပြီး အသုံးပြုမယ့်သူ တွေအနေနဲ့ မြို့တော်အတွင်း ပျံသန်းမှုအားလုံးအတွက် ခွင့်ပြုချက် လျှောက်ထားရမယ် လို့ ကြေညာ ခဲ့ပါတယ်။
သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေး ပေမဲ့ အွန်လိုင်းပေါ်က ပုံတွေနဲ့ အချက်အလက်တွေကို လိုက်လံပိတ်ဆို့ ဖြတ်တောက်နေတာကတော့ ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးပိုင်း ပေါ့လျော့မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ သဘောမျိုး သက်ရောက်နေပါ တယ်။
စနေနေ့က ထုတ်ပြန်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကိုလည်း တရုတ်ပြည်တွင်း မီဒီယာတွေမှာ လုံးဝနီးပါး ဖော်ပြခြင်း မရှိကြပါဘူး။
ဓာတ်ပုံ-အင်တာနက်
ကိုးကား – AFP
Ref; Pilot killed when small plane crashed into Beijing skyscraper: Authorities