ဧရာ၀တီတိုင်းမ်
‎ဇွန် ၂၈ ရက်

‎ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့နှင့် ရေကျော်ရွာတို့ကို စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး အမျိုးသမီးငယ် နှစ်ဦးအပါအဝင် ငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက် နံနက်လင်းအားကြီး ၃ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဆုမြတ်မွန်၊ မောင်ထက်မြတ်သူ၊ မဆောင်းဟေမန်ခင်၊ အသက် ၇၅ နှစ်အရွယ် ဦးဖိုးနီ၊ အသက် ၃၅ နှစ်အရွယ် ဦးဆန်းမင်းတို့ ဒဏ်ရာရရှိခဲ့ပြီး အသက် (၄၅) နှစ်အရွယ် ဦးဝေရာမင်းသေဆုံးခဲ့‌ကြောင်း ဒေသတွင်း သတင်းများမှ သိရသည်။


‎”အသက် ၄၅ လောက်ရှိမယ့် အမျိုးသားတစ်ဦး မနက်အစောပိုင်းမှာပဲ သေဆုံးသွားတယ် ပြောပါတယ်။ အခုရက်ပိုင်း ဧရာ ဝတီ ဂွအစပ်တိုက်ပွဲတွေကြောင့် စစ်တပ်က လေကြောင်းကဆက်တိုက် အန္တရာယ် ပြုနေတာ။ သတိထားကြစေချင်ပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်သည် ‎မေ ၂၆ ရက် ညနေပိုင်းက ရေကျော်ရွာ ဘုန်းကြီးကျောင်းသို့ ပေါင် ၅၀၀ ဗုံးတစ်လုံးနှင့် စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံးတစ်လုံး လာရောက်ကြဲချခဲ့သည့်အပြင် ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်သို့လည်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ပြီးခဲ့သည့် ဇွန် ၂၃ ရက် ည ၁၀ နာရီ ၁၈မိနစ်ဝန်းကျင်ကလည်း ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့‌သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် ဗုံးသီးများသည် ခရစ်ယာန်ကျောင်းအနီးနှင့် စာသင် ကျောင်းတို့တွင် ကျရောက်ပေါက်ကွဲပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

‎အာဏာသိမ်းစစ်အုပ်စုသည် စစ်မြေပြင်တွင် စစ်ရေးအရ အရေးနိမ့်မှုများကို ကုစားရန်နှင့် နယ်မြေ စိုးမိုးမှု ပြန်လည်ရရှိရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများ၊ စာသင်ကျောင်း များ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနာတင်ယာဉ်များကိုပါ ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက် နေခြင်း ဖြစ်သည်။

‎ထို့ကြောင့် အာရက္ခတပ်တော် (AA) က ပြည်သူများအနေဖြင့် ရွေးတုအစိုးရစစ်တပ်၏ လေကြောင်း ရန်အန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။

‎ဓာတ်ပုံ- APM
‎ပုံစာ- စစ်တပ်ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် ကျိန္တလီမြို့၊