ဧရာဝတီတိုင်းမ်
ဇွန် ၂၈ရက်
ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်း အစပ်တွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ အကြား တိုက်ပွဲများ နေ့စဉ် ရက်ဆက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ မဟာဗျူဟာမြောက် စခန်းကုန်းသုံးခုကို AA က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ယမန်နေ့ ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
ရွေးတုအစိုးရစစ်တပ်သည် ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် (၃၄၄) အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား ၄၀၀ ကျော်ကို အသုံးပြုကာ ကုန်းလမ်း၊ ရေလမ်း တို့မှ နည်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးစားနေသည့်အပြင်၊ လေကြောင်းမှလည်း နေ့စဉ် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ရခိုင်-ဧရာဝတီအစပ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန် လာရခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးတုအစိုးရ စစ်တပ်၏ထိုးစစ်ဆင်မှုများကို AA က ခုခံစစ်၊ တန်ပြန်တိုက်စစ်များဖြင့် ခုခံ တိုက်ခိုက် ခဲ့ရာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ စစ်တပ်၏ စခန်းကုန်းများကို ဇွန် ၁၇ ရက်တွင် ပွိုင့် (၂၈၈) ကုန်း၊ဇွန် ၁၉ ရက်တွင် ပွိုင့် (၁၈၈) ကုန်း၊ ဇွန် ၂၁ ရက်တွင် ပွိုင့် (၁၄၈) ကုန်းတို့ကို သိမ်းယူနိုင်ခဲ့သည်။
အဆိုပါ စခန်းကုန်းသိမ်းတိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ စစ်တပ် တပ်ဖွဲ့ဝင် အလောင်း အချို့နှင့်အတူ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း AA ဘက်က ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်-ဧရာဝတီအစပ်အပြင် စစ်တွေ၊ ကျောက်ဖြူမြို့ပတ်ဝန်းကျင်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်နှင့် ရခိုင်ဒေသနှင့် ထိစပ်နေသော ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့အစပ် နေရာများအပါအဝင် AA လှုပ်ရှားရာ နယ်မြေအနှံ့အပြားတွင်လည်း ရွေးတုအစိုးရစစ်တပ်က လူလှိုင်း စစ်ဗျူဟာများအသုံးပြုကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွား နေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံး အဆောင် ပစ္စည်းများ။