ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇွန် ၂၈ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တို့တွင် ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေးရဲဘော် ရှစ်ဦး ကျဆုံးခဲ့ကြောင်း ၎င်းတပ်ဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။
ဟားခါးမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(ဟားခါး) တပ်စခန်းများကို ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“Cin Khua နဲ့ LungHnam ဒေသအနီးမှာရှိတဲ့ တပ်ရင်း(၁) စခန်းကို နှစ်ကြိမ်နဲ့ တပ်ရင်း(၄) တပ်မဟာရုံးကို တစ်ကြိမ် ဗုံးကြဲချခဲ့တာပါ”ဟု CDF (ဟားခါး) နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း CDF-Hakha တပ်ရင်း(၁) မှ တပ်ဖွဲ့ဝင် လေးဦးနှင့် တပ်ရင်း(၄) မှ တပ်ဖွဲ့ဝင် တစ်ဦး၊ စုစုပေါင်း ငါးဦး ကျဆုံးခဲ့ပြီး ရဲဘော်အများအပြား ထိခိုက်ဒဏ်ရာရရှိသလို ဒဏ်ရာရရှိသည့် ရဲဘော်တချို့တွင် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရသည်။
အလားတူ ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် တမူးခရိုင်၊ ခမ်းပတ်မြို့အနီး ကာနန်ကျေးရွာကိုလည်း ရွေးတုအစိုးရစစ်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ကာနန်ကျေးရွာ တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦး (CNA) ခမ်းပတ်လှုပ်ရှားတပ်ရင်းမှ ရဲဘော် နှစ်ဦးနှင့် Zo Army (ZA) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့သည်။
“စခန်းတွေရှိတဲ့ နေရာကိူ ဗုံးကြဲသွားတာပါ။ CNA ရဲဘော်နှစ်ယောက်ရယ်၊ ZA ရဲဘော် တစ်ယောက် ကျတယ်။ ဒဏ်ရာရတဲ့ ရဲဘော်တွေရှိသလို စခန်းတွေကလည်း ပျက်စီးသွားတယ်”ဟု CNA နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် ဇွန် ၂၆ ရက်နေ့ကလည်း မင်းတပ်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားသည့်နေရာများကို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့သည်။
ပုံစာ-လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် ချင်းတော်လှန်ရေး ရဲဘော်အချို့။