ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

 

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ပတ္တရားမြို့တွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ကာ အလောင်းအား ခရီးဆောင်အိတ်အတွင်း ထည့်ကာ စွန့်ပစ်ခဲ့သည့် ဩစတြေးလျနိုင်ငံသားကို ယနေ့ဇွန် ၂၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံက သိရသည်။

 

ကာလာစင်ခရိုင်မှ အသက် ၁၇ နှစ်အရွယ် မိန်းကလေး သံချနုတ်ဒွန်ဟွမ်လောင်(Thanchanok Donhomlao)၏ သေဆုံးမှုနှင့်ပတ်သက်၍ ၄၆ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား ဆိုင်မွန်ပီတာကာမန်(Simon Peter Carman) ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အမျိုးသားသည် သေဆုံးသူ၏ ရုပ်အလောင်းကို ခရီးဆောင်အိတ်အတွင်းထည့်ကာ Khao Makok ဒေသရှိ ရထားလမ်းဘေးမြက်ခင်းတွင် စွန့်ပစ်ကာ အခင်းဖြစ်ပွားရာနေရာမှ တိမ်းရှောင်ခဲ့ပြီး သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ထွက်ခွါရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ကမ်းခြေတွင် စတင်တွေ့ဆုံခဲ့ပြီး ကွန်ဒိုသို့သွားခဲ့ပြီးနောက်မိန်းကလေးငယ်မှ ပြန်လိုကြောင်းပြောဆိုကာ ဘတ် ၅၀၀ တောင်းခံခဲ့ပြီး စကားများရာမှ မိန်းကလေးက ဓားဖြင့် ၎င်း၏လည်ပင်းကို ထောက်ကာ ခြိမ်းခြောက်လာသည့်အတွက် ပြန်လည်လုံးထွေးသတ်ပုတ်ရာမှတဆင့် မတော်တဆသေဆုံးသွားခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသားက ထွက်ဆိုခဲ့သည်။

 

သေဆုံးသွားမိန်းကလေးငယ်အား ရေချိုးခန်းအတွင်း တစ်ရက်ကျော်ကြာဝှက်ထားခဲ့ပြီးမှ အလောင်းစွန့်ပစ်ခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းမဟုတ်ဘဲ ခုခံခြင်းသာဖြစ်ပြီး သေဆုံးသူ၏မိသားစုကိုတောင်းပန်ကြောင်းလည်း ပြောဆိုခဲ့သည်။

 

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က လူသတ်တရားခံအားရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ အလောင်းကို ဖျောက်ဖျက်မှု၊ ၁၅ နှစ်ထက်ကြီးပြီး ၁၈ နှစ်အောက် ကလေးငယ်ကို မူမမှန်သည့်ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်မှု စသည့်ပြစ်မှုများဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ကိုးကား – Khaosod English