နိုင်း/ဧရာ၀တီတိုင်းမ်
ဇွန် ၂၇ ရက်
မိမိဘဝတစ်ခုလုံး ရုန်းကန်တည်ဆောက်ခဲ့ရသည့် အိမ်ကြီး ပြာအတိဖြစ်သွားသည်ကို မျက်စိရှေ့တွင် မြင်လိုက်ရသည့် ဦးသန်းဝင်းတစ်ယောက် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာကို ခံစားနိုင်ခြင်းမရှိဘဲ နှလုံးရပ်ကာ သေဆုံးသွားခဲ့သည်။
အာဏာသိမ်းစစ်အုပ်စု၏ စစ်တပ်သည်ပြီးခဲ့သည့် မေလ ၃၁ ရက်က ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ ကျေးရွာကို စီးနင်း၍ နေအိမ်များကို မီးရှို့ခဲ့သည်။
ဇွန်လ ၂၄ ရက် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ကြည့်ရှုခွင်ရချိန်တွင် စစ်တပ်၏ မီးရှို့မှုကြောင့် ချောင်းဂွကျေးရွာရှိ အိမ်ခြေ ၁၀၀ ကျော်နှင့်အတူ မိမိနေအိမ်ပါ မီးလောင်ပြာကျနေသည်ကို အသက် (၅၀) အရွယ် ဦးသန်းဝင်းတစ်ယောက်မြင်တွေ့ခဲ့ပြီးနောက် စိတ်ထိခိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
“အိမ်ကြီး မီးထဲပါသွားတာကို မျက်စိရှေ့တင် မြင်လိုက်ရပြီး ရွာအတွင်း ပြန်ဝင်လို့ရတဲ့အချိန် ပြန်ဝင်ကြည့်ချိန်မှာ စိတ်ထိခိုက်ပြီး မခံနိုင်ဘဲ ဆုံးသွားရှာတာ။ ရွာက အိမ်ခြေ ၁၀၀ ကျော်လည်း ပြာအတိ ဖြစ်သွားရတယ်” ဟု ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် အုတ်ဖိုဒေသခံက ဆိုသည်။
မြေပြင်တွင် နေအိမ်များ မီးရှို့ခံထားရသော ပြာအပုံအတိမြင်ကွင်း၊ မျက်ရည်စများ၊ စိတ်ဒဏ်ရာများဖြင့် ပြည့်နှက်နေချိန် ဖုန်းစခရင်များပေါ်တွင်မူ သီချင်းသံတစ်ခုနှင့် ပျော်ရွှင်လျက်ရှိသည်။
“အုတ်ဖိုဘူတာ တကယ်လှတယ်… ကျုပ်ကိုယူပါ သူငယ်မရယ်…အို..အုတ်ဖိုဘူတာ တကယ် လှတယ်… ကျုပ်ကိုယူပါ သူငယ်မရယ်”
နားဝင်ချိုသည့် စာသားနှင့် ခပ်မိုက်မိုက် EDM စည်းချက် တွဲဖက်ထားသော အဆိုပါ AI သီချင်းသည် TikTok နှင့် Facebook Reels တို့တွင် လူငယ်များအတွက် အပန်းဖြေစရာ Trend တစ်ခု ဖြစ်နေပြီး အကဗီဒီယိုများဖြင့် စည်ကားနေသည်။ ထို AI သီချင်းကြောင့်ပင် ပဲခူးတိုင်းအတွင်းရှိ အုတ်ဖိုရထားဘူတာ သို့ သွားရောက်ဗီဒီယိုရိုက်ကူးသူများပင် ရှိနေကြပြီး အွန်လိုင်း ကမ္ဘာတွင်တော့ အုတ်ဖိုမြို့လေးက လှပလွန်းနေသည်။
ပကတိ မြေပြင်တွင်မူ အုတ်ဖိုမြို့လေးနှင့် ဒေသခံများမှ အာဏာသိမ်းစစ်အုပ်စု၏ စစ်ကြောင်းထိုး မီးရှို့မှုနှင့် သတ်ဖြတ်မှုအန္တရာယ်ကို ခံစားနေရပြီး စစ်ရှောင်ဘ၀ဖြင့် တောတောင်များထဲတွင် ပုန်းရှောင် နေရသည်။
အုတ်ဖိုမြို့သည် ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်အတွင်း ရန်ကုန်-ပြည် လမ်းမကြီးပေါ်တွင် တည်ရှိပြီး မင်းလှမြို့နှင့် ကြို့ပင်ကောက်မြို့ကြားက မြို့ငယ်လေးဖြစ်သည်။
အနောက်ဘက်တွင် ဧရာဝတီမြစ်ရှိပြီး အရှေ့ဘက်တွင် ပဲခူးရိုးမ ရှိသည်။ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့် အေးချမ်းသောဒေသလေးသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးရိုးမနှင့် ဆက်စပ်နေသည့်အတွက် စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားရာ ဒေသ ဖြစ်လာခဲ့ရသည်။
အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှစတင်ကာ အုတ်ဖိုမြို့နယ်အတွင်းသို့ အင်အားအများအပြား အသုံး ပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။
စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာသည်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် မဟုတ်ဘဲ နယ်မြေစိုးမိုးမှုပြသရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သွားလာတတ်သည်ဟု ထင်မြင်သည့် ကျေးရွာ များကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ဖျက်ဆီးခြင်းသာ ဖြစ်သည်။
“အစကတော့ သူတို့တွေက ပြည်သူတွေကို မပြေးနဲ့၊ ပြေးတဲ့လူ ပစ်သတ်မယ်၊ ဘာမှမလုပ်ဘူး၊ သန်းခေါင်စာရင်းလုပ်ပေးဖို့လာတာလို့ ပြောတော့ မပြေးကြဘူး။ ပြီးတော့မှ သူတို့က စံပြရွာနဲ့ ကျေးပျက်ရွာ နှစ်ရွာကနေ ညှပ်ပြီး အုတ်ဖိုမြို့နယ်မှာရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ချိန်ပြီးထုတော့ ပြည်သူတွေ ပြေးရတာပါ” ဟု အုတ်ဖိုမြို့ခံတစ်ဦးက ဆိုသည်။
စစ်တပ်စစ်ကြောင်းများသည် စံပြရွာ၊ ကျေးပျက်ရွာတို့မှတစ်ဆင့် ချောင်းဂွကျေးရွာ၊ ကျွဲတဲကုန်း၊ ချောင်းဆုံလေးနှင့် ထန်းပင်ကုန်း စသည့် ကျေးရွာများကို တရစပ် မီးရှို့ဖျက်ဆီးခဲ့သည်။ နေအိမ် ၅၀၀ ဝန်းကျင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သော ထန်းပင်ကုန်းကျေးရွာဆိုလျှင် ပြီးခဲ့သည့် ဇွန်လ ၈ ရက်မှစတင်ကာ မီးရှို့ခံရပြီး နေအိမ် ၄၀၀ ကျော် ပြာအတိ ဖြစ်သွားခဲ့ရသည်။
စစ်တပ်သည် ကျေးရွာများကို လေကြောင်းမှတစ်ဆင့်လည်းကောင်း၊ ဒရုန်းများနှင့် လက်နက်ကြီးများ ဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ရုံမက ရွာသားများ စွန့်ခွာပြေးရသည့် နေအိမ်များအတွင်းမှ ပိုင်ဆိုင်မှုပစ္စည်းများကို ကားကြီးများဖြင့် တိုက်ယူ၍ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ကြောင်းထိုးမှုကြောင့် ကြို့ကိုးပင်၊ တိုင်းကလေး၊ ကျောက်တန်း၊ သရက်နှစ်ဖျားလိမ်၊ ကျွန်းလှကုန်းနှင့် ထန်းပင်ကုန်း စသည့် ကျေးရွာအုပ်စုပေါင်း ၂၀ ကျော်မှ ဒေသခံများ သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင် ပြည်သူများအတွက် ယခုလို မိုးရာသီတွင် ရာသီဥတုဒဏ်ကြောင့် နေရာထိုင်ခင်း၊ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသည်။ အုတ်ဖိုမြို့ပေါ်နှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ ခိုလှုံကြရသူများရှိသလို အများစုမှာ ကူကယ်ရာမဲ့စွာဖြင့် တောတောင် များထဲတွင် ချို့ချို့တဲ့တဲ့ မှီခိုနေကြရသည်။
“ပြောရတာလည်း အားမရှိတော့ဘူး။ ပြေးနေရတဲ့ ပြည်သူတွေက ကူကယ်ရာမဲ့ဘဝနဲ့ တောတွေ တောင်တွေ နီးစပ်ရာတွေမှာ မှီခိုနေရတယ် ချို့ချို့တဲ့တဲ့နဲ့။ ရွာမှာကျန်ခဲ့တဲ့ အိမ်တွေက ပစ္စည်း တွေကျတော့ ခွေးတွေ (စစ်သားတွေ) က ကားတွေနဲ့တိုက်ယူ၊ အိမ်တွေကို မီးတွေနဲ့ရှို့ လုပ်နေကြတာပါပဲ” ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောပြသည်။
အုတ်ဖို ဒေသခံ ပြည်သူများသည် မြေပြင်တွင် ပစ္စည်းဥစ္စာများ ဆုံးရှုံးရုံသာမက အသက်အန္တရာယ်ပါ စတေးနေရသည်။ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ကိုင်းကြီးရွာသို့ ခေတ္တနေရပ်ပြန်သည့် စစ်ရှောင် နှစ်ဦးဖြစ်သော ဦးဖိုးဇော် (၄၀ နှစ်) နှင့် ဦးအေးကြီး (၅၀ နှစ်) တို့ကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။
ထိုစဉ်က ချောင်းဂွရွာတံတားပေါ်တွင်လည်း သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၅ လောင်း ရှိနေသည်ကို တွေ့ခဲ့သော်လည်း စစ်တပ်စစ်ကြောင်းများကြောင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိဟု စစ်ရှောင်များက ဆိုသည်။
စစ်တပ်သည် ၎င်းတို့စစ်ကြောင်းထိုးရာ တစ်လျှောက်တွင် ဒေသခံများကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲကာ တပ်သားသစ်စုဆောင်းခြင်းများပါ ပြုလုပ်နေပြီး မေလ ၃၀ ရက်နေ့တွင်မူ သရက်တောရွာမှ ပေါ်တာဆွဲခံရသူ ကိုငပိုင် (ခ) အောင်ပိုင်စိုးကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့သည်။
အုတ်ဖိုဘူတာ တည်ရှိရာ အုတ်ဖိုမြို့လေး၏ မြေပြင်ပကတိအခြေအနေမှာ စစ်တပ်၏ လေကြောင်း၊ ကြည်းကြောင်းတိုဖြင့် အပြင်းအထန် ဖိနှိပ်မှု၊ မီးရှို့မှု၊ သတ်ဖြတ်မှုတို့ကြောင့် ပြာပုံဘဝ၊ စစ်ရှောင်ဘဝနှင့် သွေးကွက်များသာ အမာရွတ်အဖြစ် စွန်းထင်းကျန်နေရစ်သည်။
တစ်ဖက်တွင်မူ ဖုန်းစခရင်များပေါ်၌ AI စည်းချက်ဖြင့် သီဆိုကခုန်နေသည့် “အုတ်ဖိုဘူတာ တကယ် လှတယ်” ဆိုသော သီချင်းသံများ ညံစီနေဆဲဖြစ်သည်။