ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်နှစ်စီးသည် လက်ရှိတွင် မတ္တရာမြို့နယ်အနောက်ခြမ်းသို့ ရောက်ရှိနေပြီး ၎င်းတို့ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ဝန်းကျင်ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့မှစတင်ကာ ရွေးတုအစိုးရစစ်တပ်သည် မန္တလေးနန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းမှ ခဲယမ်းနှင့် ရိက္ခာအမြောက်အမြား တင်ဆောင်လာသည့် စစ်ကားများဖြင့် ဂေါဝိန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော စစ်သင်္ဘောများပေါ်သို့ ရွှေ့ပြောင်းဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းပြီးနောက် ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်ရန် ပြင်ဆင်ခဲ့သည့် အဆိုပါ စစ်ရေယာဉ်အုပ်စုထဲမှ ကမ်းထိုး သင်္ဘောတစ်စီးနှင့်တိုက်ခိုက်ရေးသင်္ဘောတစ်စီးတို့သည် ယနေ့ ဇွန် ၂၇ ရက်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ စုပေါင်းကျွန်းရွာ တောင်ဘက်သို့ ရောက်ရှိလာပြီး အထက်သို့ ဆက်လက်ဆန်တက်နေကြောင်း Wetlet Informational Network ၏ ဖော်ပြချက်အရ သိရသည်။
”သိထားရတာက စစ်သင်္ဘောနဲ့ တွဲသင်္ဘောတွေ ၂၀အထိပြင်ဆင်ထားတာပေါ့နော်။ အခု စထွက်တဲ့ နှစ်စီးက ကင်းထောက်လား ကြိုပွိုင့်လားပဲ။ တိုက်ခိုက်ရေးသင်္ဘောပါတယ်ဆိုတော့လေ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ရေယာဉ်များ မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်အတွင်း ရွေးတုအစိုးရစစ်တပ်သည် နယ်မြေရှင်းလင်းရေးနှင့် စစ်ကြောင်းလုံခြုံရေးအတွက် လေကြောင်းပစ်ကူများကိုပါ အသုံးပြုနေသည်။
ယနေ့ နံနက်ပိုင်းတွင် မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း နေရာများသို့ ရွေးတုအစိုးရစစ်တပ်၏ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် နံနက် ခုနှစ်နာရီခွဲမှစတင်ကာ ၇ နာရီ ၅၈ မိနစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်၏ မြစ်ကြောင်းအသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများကြောင့် ဧရာဝတီမြစ်ဘေးဝဲယာရှိ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့်နေကြရန် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပုံဟောင်း