‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၇ ရက်

‎မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည့် သုံ့ပန်းများကို ထိန်းသိမ်းထားရှိရာ နေရာ ခုနှစ်ခုထက်မနည်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူများနှင့် အရပ်သားပေါင်း ၂၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Myanmar Witness က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။

‎အဆိုပါအဖွဲ့သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် မတ်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု ခုနှစ် ခုကို ဂြိုဟ်တုဓာတ်ပုံများ၊ လူမှုကွန်ရက်ပေါ်မှ အထောက်အထားများနှင့် ဒေသတွင်း သတင်းအချက်အလက်များကို အသုံးပြုကာ စစ်ဆေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

‎စစ်ဆေးတွေ့ရှိချက်များအရ တိုက်ခိုက်ခံရသည့်နေရာများတွင် ခြေကျင်းခတ်ထားရသည့် ဖမ်းဆီးခံထားရသူများ၏ ရုပ်အလောင်းများ၊ သံတိုင်ပိတ်လှောင်အိမ်များနှင့် လေကြောင်းမှ ဗုံးကြဲခံထားရသည့် ဗုံးကျင်းကြီးများကို တွေ့ရှိခဲ့ရသည်။

‎၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများတွင် ခြေကျင်းများ ခတ်ထားသည်ကို တွေ့ရှိရသည်။

‎မောင်တောမြို့နယ် ဖြစ်စဉ်မှလွဲ၍ ကျန်ရှိသည့် ဖြစ်စဉ် ခြောက် ခုစလုံးသည် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းမရှိဘဲ သီးခြားပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်သည်။

‎တိုက်ခိုက်ခံရသည့် နေရာများအနက် နှစ် ခုမှာ တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားသည့် စစ်တပ်၏ စခန်းဟောင်းများ (မောင်တောရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ဓာတ်ခွဲခန်းနှင့် နောင်ချိုရှိ ဟိုခိုအလုပ်စခန်း) ဖြစ်သည်။

‎‌လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းများထားရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် သုံ့ပန်း ၁၁၆ဦး၊ ပေါက်တောမြို့နယ်တွင် ၂၀ ဦး၊ မောင်တောတွင် ၅၀ ဦး ၊ရှမ်းပြည် နောင်ချိုတွင် ၁၂ဦး၊ မြောက်ဦးမြို့နယ်တွင် ၂၈ဦး၊ ကျောက်တော်မြို့နယ်တွင် ၂၁ဦးနှင့် ကရင်နီပြည် မယ်စဲ့တွင် ငါးဦးသေဆုံးခဲ့သည်။

‎အစီရင်ခံစာတွင် တိုက်ခိုက်ခံရသည့် နေရာ ခုနှစ်ခုစလုံးသည် ယခင်က စစ်သုံ့ပန်းများ ဖမ်းဆီး ထိန်းသိမ်းထားရာနေရာအဖြစ် ထုတ်ပြန်ထားသည့် နေရာများမဟုတ်ကြောင်း ဖော်ပြထားသည်။သို့သော်လည်း မိမိတို့၏ စစ်သုံ့ပန်းများရှိရာနေရာကို စစ်တပ်က မည်သည့်အကြောင်းရင်းကြောင့် ပစ်မှတ်ထားကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြောင်းကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။