ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
ပြည်တွင်းဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များတွင် ငွေကြေးအလုံးအရင်း ပါဝင်ရင်းနှီးမြှုပ်နှံနေခြင်းထက် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲရန်လိုအပ်ကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
နေပြည်တော်တွင် ကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ၎င်းက ယင်းကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

“ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို ဘဏ်တွေအနေနဲ့ အိမ်ခြံမြေဈေးကွက်မှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမယ့်အစား ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုသုံးစွဲလိုက်ရင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမယ်လို့ “ ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်ရန်လိုအပ်ပြီး သွင်းကုန်အစားထိုးရန်၊ တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်ပြီးရောင်းချပါက နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို MSME လုပ်ငန်းများဖြင့် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးတုသမ္မ မင်းအောင်လှိုင်၏ အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ခရီးတို့တွင် ဘဏ်လုပ်ငန်းရှင် ခရိုနီများဖြစ်သော KBZ ဘဏ်မှ ဦးအောင်ကိုဝင်းနှင့် AYA ဘဏ်မှ ဦးဇော်ဇော်အပါအဝင် စစ်တပ်လက်ဝေခံ ခရိုနီအများအပြားကိုခေါ်ဆောင်သွားခြ့သည်။
ဓာတ်ပုံ – MOFA